Skip to main content

ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများအတွက် ယာယီအဆောက်အအုံများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၂

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများနှင့်အတူ ငလျင် ဒဏ်ကြောင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးသွားသည့် ဝန်ထမ်းများယာယီနေထိုင်နိုင်ရေး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စိုက်ပျိုးရေးခြံအတွင်းယာယီ အဆောက်အအုံများ တည်ဆောက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် လှည့်ရှုကြည့်ရှု စစ်ဆေးသည်။

ငလျင်ဒဏ်သင့် ဝန်ထမ်းများနေထိုင်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ စိုက်ပျိုးရေး ခြံအတွင်း လေးခန်းတွဲ ယာယီ အဆောက်အအုံ အလုံ ၃၀ ဆောက်လုပ်နေမှု၊ ပုဗ္ဗသီရိမြို့နယ် မြေကွက်လပ်တွင် လေးခန်းတွဲ ၁၂ လုံးဆောက်လုပ်ရန် လျာထားမှု၊ ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုနယ်မြေရုံးအတွင်း ရှစ်ခန်းတွဲ အဆောက်အအုံခြောက်လုံး တည်ဆောက်ရန် လျာထားမှုတို့ကိုလှည့်လည်ကြည့်ရှုကာ ဝန်ထမ်းမိသားစုများ၏ လုံခြံရေးနှင့်ရေ၊ မီး၊ မိလ္လာစနစ်မှန်ကန်စွာနေရာချထားရေးတို့ကို တာဝန်ခံအရာရှိများအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ဝန်ကြီးဌာန၏ ဆရာ/ဒကာ ကျောင်းများတွင် နေရာချထားသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုဝင်များအား တွေ့ဆုံအားပေးသည်။

ထို့ပြင် ယာယီရုံးခန်းများကို ဝန်ကြီးဌာန မော်တော်ယာဉ်ရပ်နားကွင်း၊ လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ် ပင်မအဆောက်အအုံဘေးနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနပိုင် ပြည်ထောင်စုနယ်မြေရုံး အတွင်းတို့တွင် ပြောင်းရွှေ့ဖွင့်လှစ်၍ ပြည်တွင်း ပြည်ပတွင်ရှိသော မြန်မာလုပ်သားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များတွင် ဖြစ်ပေါ်လေ့ရှိသော အခက်အခဲများကို ဝန်ဆောင်မှုများနေ့စဉ် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်