Skip to main content

လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သည့် ကျွမ်းကျင်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

နေပြည်တော် ဧပြီ ၁၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများပြင်ဆင်၍ အချိန်တိုအတွင်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ ကြသည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ ကျွမ်းကျင်ဝန်ထမ်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးအမှတ် (၂၇) ယာဉ်ရပ်နားကွင်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၀) တိုးဂိတ်အနီးတို့တွင် ပြည်ထောင်စုဝန်ကြီးက သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ငလျင်ဘေးသင့်ဝန်ထမ်းများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေရှိ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၆၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၆၉၀၊ စစ်ကိုင်းမြို့အတွင်း ပျက်စီးမှုများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၈၀ စုစုပေါင်းလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၃၃၀ တို့ဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ အဆိုပါဒေသများတွင် ရာနှုန်းပြည့်နီးပါး ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ပြုပြင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေဒေသရှိ ဒေသခံကျွမ်းကျင်ဝန်ထမ်းများက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ်(၂၇)၌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ကုမ္ပဏီများက လာရောက်လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို လက်ခံရယူပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနအစီအစဉ်ဖြင့် ယာယီနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးထားသော နေပြည်တော်ဗဟို သင်တန်းကျောင်း၌ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနက် တိုက်ပြိုကျပျက်စီး၍ ပစ္စည်းလုံးဝမရရှိသူ ဝန်ထမ်း ၅၅ ဦးအား ဒုတိယအကြိမ်အဖြစ် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်