နေပြည်တော် ဧပြီ ၂၃
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆေးရုံများနှင့် ရုံးဌာနအဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာများ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးတို့အတွက် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု၊ ဆက်လက်အသုံးပြုနိုင်မှု၊ မြေအမျိုးအစားနှင့် ငလျင်ဒဏ်ခံနိုင်မှုအခြေအနေတို့အား စစ်ဆေး၍ လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက စီမံခန့်ခွဲဆောင်ရွက်သွားရန်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဗဟိုကော်မတီ၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများ သိရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ နိုင်ငံတကာအဆင့်မီ ငလျင်ဒဏ်ခံအဆောက်အအုံများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ပြည်သူများ၊ ဝန်ထမ်းများအနေဖြင့် ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်နှင့် လှုပ်ပြီးအချိန်များတွင် ဆောင်ရန်ရှောင်ရန်များကို လုပ်ငန်းလမ်းညွှန်များ ရေးဆွဲပြီး ပုံမှန်လေ့ကျင့်ခန်း (Drill) များ ပြုလုပ်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများ ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေး အခြေအနေများကို လိုက်လံကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်