နေပြည်တော် ဧပြီ ၂၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်နှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ပြည်ထောင်စုဝန်ကြီးရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ငလျင်ဒဏ်သင့် အစိုးရအဆောက်အအုံများနှင့် မြို့ပြအဆောက်အအုံများ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် UN-Habitat ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ်ခံနိုင်ပြီး ကြံ့ခိုင်မှုရှိစေရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင် အင်ဂျင်နီယာများမှ နည်းစနစ်နှင့် အညီ စစ်ဆေးတည်ဆောက်ရန် ကိစ္စရပ်များ၊ အဆောက်အအုံများ တည်ဆောက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၏ အရည်အသွေးများနှင့် အသုံးပြုသည့်နည်းစနစ်များ စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် အဆင့်မီဖြစ်စေရေး သတ်မှတ်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မြို့ပြအဆောက်အအုံများသာမက စက်မှုဇုန်များ အကောင်အထည်ဖော်တည်ဆောက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဖွဲ့စည်းထားရှိသည့် အသင်းအဖွဲ့အသီးသီး၏ အသိအမှတ်ပြုလက်မှတ်ရဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ စစ်ဆေးအတည်ပြုဆောင်ရွက်နိုင်ရေးတို့အတွက် ဥပဒေ၊ နည်းဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်