Skip to main content

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် COVID-19 Mobile Swab Collection မော်တော်ယာဉ်ရှစ်စီး လှူဒါန်း

မန္တလေး၊ အောက်တိုဘာ ၁၃

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက COVID-19 Mobile Swab Collection Vehicle ရှစ်စီးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် မော်တော်ယာဉ်ရှစ်စီးနှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင် စကားပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများ၌ Swab နမူနာရယူသည့်အခါ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်လှူဒါန်းသော အဆိုပါယာဉ်များတွင် ကျန်းမာရေး အထောက်အကူပြု ဆက်စပ်ပစ္စည်းများ၊ လေအေးပေးစနစ်၊ Electrical Safety စနစ်များလည်းပါဝင်ကြောင်း သိရသည်။

“ကိုဗစ်လူနာတွေကို မြန်မြန်ရှာ မြန်မြန် Quarantine ဝင်၊ မြန်မြန်ကုဖို့ အရေးကြီးတယ်၊ တတ်နိုင်သလောက် လှူဖြစ်သွားတာပါ၊ အဓိက Swab ယူဖို့အတွက် လုပ်ပေးထားတာပါ၊ ဓာတ်ခွဲတာမပါဘူး၊ Mobile Swab Station သဘောမျိုးပါ၊ Safety ဖြစ်အောင်လုပ်ထားတယ်၊ Swab ယူမယ့် ဆရာဝန်ပညာရှင်တွေ ကားထဲမှာနေပြီး ယူမယ်၊ ဘယ်နေရာမဆိုသွားလို့ရတယ်၊ အပြင်က ပိုးပါတဲ့လေ အထဲမဝင်အောင်၊ လုံအောင်လုပ်ထားတယ်၊ လျှပ်စစ်မီးရော၊ မီးစက်နဲ့ရော အသုံးပြုလို့ရတယ်၊ အားလုံးအပြီးအစီး ငွေကျပ် ၁၁၆ သိန်း ကုန်ကျပါတယ်၊ တခြား လှူချင်သူတွေလှူလို့ရအောင် ကားအစီးအတိုင်းကို ငွေကျပ် သိန်း ၂၀ မျှဝေတဲ့အနေနဲ့ လှူပေးတာပါ၊ အလှူရှင်က ငွေကျပ် ၉၆ သိန်း ကုန်ကျမှာပါ”ဟု အလှူရှင် ဒေါက်တာကိုကိုအောင် (Century Auto Mart and Nissan Icon Auto) က ပြောသည်။

အဆိုပါ COVID-19 Mobile Swab Collection Vehicle အလှူရှင်များအနေဖြင့် ဒေါက်တာကိုကိုအောင်- ဒေါက်တာမိမိဇင် (Century Auto Mart and Nissan Icon Auto) မိသားစုက မော်တော်ယာဉ်နှစ်စီး၊ ဦးရန်အောင်- ဒေါ်ရင်ရွှင်(နယူးစတားစိန်ရွှေရတနာဆိုင်) မိသားစုက မော်တော်ယာဉ် တစ်စီး၊ New Star Light Construction Co.,Ltd. မိသားစုက မော်တော်ယာဉ်တစ်စီး၊ ဦးဇင်မင်းဆွေ-ဒေါ်မြသန္တာလင်း (C.A.D Construction and Decoration Company) မိသားစုက မော်တော်ယာဉ်တစ်စီး၊ ဦးတင်ထွန်း-ဒေါ်နန်းအေးထွမ်း (ရွှေဝါမြေ(မန္တလေး) ကျောက်မျက်ကုမ္ပဏီလီမိတက်) မိသားစုက မော်တော်ယာဉ်တစ်စီး၊ Ngwe Yi Pale Group of Company မိသားစုက မော်တော်ယာဉ်တစ်စီးနှင့် Phwint Phyo Thit Company မိသားစု က မော်တော်ယာဉ်တစ်စီးတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)