ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပေပြီ။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အရေးကို တာဝန်ကျေပွန်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်သော်လည်း တစ်နိုင်ငံလုံး၏ အရေးတစ်ခုဖြစ်သည့် မပြီးဆုံးသေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို အားလုံးဆက်လက် ပူးပေါင်းပါဝင်ကြိုးပမ်းအားထုတ်ကြရဦးမည် ဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီ အကြိုကာလနှင့် အထွေထွေရွေးကောက်ပွဲများ ကျင်းပသည့်နေ့၌ နိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့သည်ဆိုသော်လည်း ရွေးကောက်ပွဲ အကြိုမဲဆွယ် စည်းရုံးရေးကာလက ကျန်းမာရေး စည်းကမ်းများအား အများစုလိုက်နာမှု အားနည်းခဲ့သည်ကို တွေ့ရသည်။ အထွေထွေ ရွေးကောက်ပွဲနေ့တွင် များသောအားဖြင့် ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပ နိုင်ခဲ့သော်လည်း မဲဆန္ဒရှင်များပြားလွန်းသော မဲရုံနယ်မြေများ၌ ကျန်းမာရေး စည်းကမ်းများ လိုက်နာမှုအားနည်းခဲ့သည်ကို တွေ့ရသည်။
ရွေးကောက်ပွဲဆိုသည်မှာ လူစုလူဝေး လူအများနှင့်ခင်းကျင်းရသော ပွဲဖြစ်၍ ကျန်းမာရေး စည်းကမ်းအရ လုပ်ကိုင်ကြသည်ဆိုသော်လည်း စည်းကမ်းပိုင်း၌ အားနည်းသည်နှင့်အမျှ အခန့်မသင့်လျှင် ရောဂါဖြစ်ပွား နိုင်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ထို့ကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည်နှင့်ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြန်လည် သတိမူဆင်ခြင်ကာ ရောဂါကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားနိုင်မှု အလားအလာများကို ဆန်းစစ် ကြည့်ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိပါက ဆေးရုံသို့ ချက်ချင်းပြသ စစ်ဆေးကြည့်ရန်လိုပြီး ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှု များကို မပေါ့မဆ ဆက်လက်ဆောင်ရွက်သွားဖို့လိုပါသည်။
မြန်မာနိုင်ငံရွေးကောက်ပွဲနေ့နှင့် မရှေးမနှောင်းကျင်းပခဲ့သော အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ နေ့နှင့် ရွေးကောက်ပွဲအကြိုကာလများက အမေရိကန်ပြည်ထောင်စုမှ ပြည်သူများသည် ကိုဗစ်-၁၉ ရောဂါကို ခေတ္တ မေ့လျော့ပြီး ရွေးကောက်ပွဲများကို အထူးအာရုံစိုက်စိတ်ဝင်စားကာ လူထု စုဝေးလှုပ်ရှားမှုများ မြင့်မားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် နိုဝင်ဘာလ ၄ ရက်နေ့၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ၉၉၆၆၀ ရှိခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် ပိုးတွေ့သူ ၂၃၄၃၅ ဦးထပ်တိုးကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူအသစ် ၁၂၀ဝဝဝ ကျော်သဖြင့် နေ့အလိုက် တစ်ရက်တည်း ဗိုင်းရပ်စ် ကူးစက်ခံရမှုတွင် အမြင့်ဆုံးစံချိန်ချိုးခဲ့သည်။ အမေရိကန် နိုင်ငံ ရွေးကောက်ပွဲကာလတွင် လူထုစိတ်ဝင်စား လှုပ်ရှားမှုမြင့်မားခဲ့သလို ရောဂါ ကူးစက် ဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်ခဲ့သည်မှာ သင်ခန်းစာယူစရာ ဖြစ်သည်။
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရောဂါ ဖြစ်ပွားမှုအများဆုံးနိုင်ငံ ၉၀ စာရင်းတွင် မြန်မာနိုင်ငံကရောဂါဖြစ်ပွားသူ ခြောက်သောင်းနီးပါး၊ သေဆုံးသူ ၁၃၀၀ ကျော်ဖြင့် အဆင့် ၇၇ တွင် ရှိနေဆဲဖြစ်သော်လည်း အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုစာရင်း၌ မြန်မာနိုင်ငံသည် ကူးစက်မှုအဆင့် တတိယနေရာသို့ ရောက်လာကြောင်း ကိုဗစ်စာရင်းဇယားများတွင် ဖော်ပြထားသည်။ ယခု လက်ရှိတွင် မြန်မာ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် နေ့အလိုက် လူတစ်ထောင်ဝန်းကျင် ကူးစက်ခံရပြီး လူနှစ်ဆယ်ပတ်ဝန်းကျင် သေဆုံးသဖြင့် ယင်းအခြေအနေသည် ကျရိပ်ရှိသော အခြေအနေ ဖြစ်သော်လည်း ရွေးကောက်ပွဲ နောက်ဆက်တွဲကာလ အခြေအနေများကို အထူးသတိထား စောင့်ကြည့်ရမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် လူအများနှင့်အတူဆက်လက်ရှိနေမည်ဖြစ်ပြီး ရောဂါကာကွယ် ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှသာ ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးပေါ်ထွက်ပြီး လူအများစု မသုံးစွဲနိုင်မီအချိန်အထိ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း၏ နောက်တွင်လည်း ကူးစက်မှုလှိုင်းငယ်များ ဆက်လက်ရှိလာနိုင်သည်။ ရောဂါ ဖြစ်ပွားမှုကာလ ကြာရှည်လာသည်နှင့်အမျှ ပြည်သူများမှာ အခက်အခဲ အကျပ်အတည်းများ ရှိလာသည်မှာ မှန်သော်လည်း ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်သည် အထိ စိတ်ရှည်သည်းခံ၊ စည်းကမ်းလိုက်နာကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာကူးစက် ပျံ့နှံ့သော ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ရာ၌ လျင်မြန်စွာ ဆုံးဖြတ်ချက်ချတုံ့ပြန်မှုသည် အရေးကြီး သဖြင့် ရောဂါဖြစ်လျှင် ချက်ချင်းပြသကုသဆောင်ရွက်ရန်နှင့် စည်းကမ်းများကို မိမိတို့၏ သေရေးရှင်ရေးကဲ့သို့သဘောထားကာ တိကျစွာလိုက်နာပါက ကိုဗစ်လှိုင်းများ လျော့ပါး ပြေလျော့သွားပြီး ကိုဗစ်-၁၉ ရောဂါလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်ပါကြောင်း။ ။