"ရန်ကုန်တက္ကသိုလ် ကံ့ကော်မြိုင်အငြိမ့် အနုပညာ အင်အားများနဲ့ ဖျော်ဖြေကန်တော့ ပန်ဆင် အလင်္ကာ တေးတစ်ပုဒ် ရွေးထုတ်ကာစီစဉ် ထောင့်ကိုးရာ နှစ်ဆယ်မှာ စတင်ပေါ်ခဲ့ပြီ... အလိမ္မာ စာမှာအရှိမို့ ပြောပါရစေ အတည် သမိုင်းကြောင်းအထောက်အထား အမြောက် အမြားရှိခဲ့ပြီ ထူးချွန်ထက်မြက်လှတဲ့ နိုင်ငံ့သားကောင်း များစွာပေါ်ခဲ့ပြီ . . ."
"နှစ်ထောင့်နှစ်ဆယ်မှာ နှစ်တစ်ရာပြည့်ခဲ့ပြီ ရန်ကုန် တက္ကသိုလ်သည် အဓိပတိလမ်းနဲ့ အင်းလျားကန်ကြီးသည် သစ်ပုပ်ပင်နဲ့ ပဏာတင့်လေသည် နှစ်ထောင့် နှစ် ဆယ် နှစ်ပေါင်း (၁၀၀) ပြည့်ခဲ့လေပြီ… မြန်မာတစ်နိုင်ငံလုံး အကြီးဆုံးတက္ကသိုလ်ကြီး လှပခံ့ညားဝင့်ကြွားခဲ့လေပြီ"
"ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂန္ထဝင် သူရဲ ကောင်းတွေ ထွက်ပေါ်ခဲ့သည်"
‘‘ကံ့ကော်မြိုင်အငြိမ့်အဖွဲ့ကြီးနဲ့ ရှင်းရှင်းသန့် ကျွန်မ နာမည်’’
‘‘ကျောင်းသားကျောင်းသူများနဲ့ တက္ကသိုလ်ရာပြည့် ပွဲမှာ အတည်’’
‘‘မိုးထိညံအောင်လံဝင့်လို့ ကံ့ကော်မြိုင်အငြိမ့် စေတနာတူတူညီ’’
သီချင်းလေးသည်ကား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၁၀၀ ပြည့်မြောက်မည့် ရန်ကုန် တက္ကသိုလ်၏ ရာပြည့်သဘင်တက္ကသိုလ်အငြိမ့်အဖွဲ့များ ဂုဏ်ပြုဖျော်ဖြေပွဲတွင် တင်ဆက်ကပြ ဖျော်ဖြေမည့် ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီး၏ ကံ့ကော်မြိုင် အငြိမ့်အဖွဲ့ခေါင်းဆောင် မင်းသမီးရှင်းရှင်းသန့် ကပြခဲ့ သည့် ကံ့ကော်မြိုင်ရဲ့စေတနာ သီချင်းပင်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းဦးဆောင်၍ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ နီလာအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သောင်းထိုက်တို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းဥက္ကဋ္ဌ ကွန်ပျူတာသိပ္ပံဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ စိုးမြမြအေး ကြီးကြပ်၍ ရွာစားထက် အာကာက ဖန်တီးရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုကံ့ကော် မြိုင်အငြိမ့်တွင် ပါဝင်ကပြခဲ့သော ရှေ့ထွက်မင်းသမီး မွန် သီရိသော်၊ ခေါင်းဆောင်မင်းသမီး ရှင်းရှင်းသန့်နှင့် လူရွှင်တော်အဖွဲ့ခေါင်းဆောင် ဗန်ဗန်တို့ကို မေးမြန်းထားသည် များကို ရာပြည့်ကံ့ကော်မြိုင်နှင့် တွေ့ဆုံခြင်းအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။
ရှေ့ထွက်မင်းသမီး မွန်သီရိသော်က သူ့ရဲ့ကြိုးစား ခဲ့ပုံကို- "ရာပြည့်သဘင်အတွက် စီစဉ်တဲ့ ကံ့ကော်မြိုင် အငြိမ့်မှာ ပါဝင်ဖို့အတွက် ရန်ကုန်တက္ကသိုလ်ရဲ့လူရွေးပွဲမှာ အရင်ပါဝင်ခဲ့ရပါတယ်။ ရှေ့ထွက်မင်းသမီး အဖြစ် ပါဝင် ကပြဖို့ ရွေးချယ်ခံရပြီးနောက် အက၊ အဆို၊ အပြောတွေ အတွက် ကြိုးစား လေ့ကျင့်ခဲ့ရပါတယ်။ ရာပြည့်သဘင် အတွက် အကအလှ အပြောအဆိုကို မန္တလေးအငြိမ့် မင်းသမီးကြီး တစ်လက်ဖြစ်ခဲ့တဲ့ ရွှေမန်းဒေါ်ကျော့ကျော့ မူထံမှာ သင်ယူခဲ့ပါတယ်"ဟု ပြောပြခဲ့သည်။
အငြိမ့်မှာ ရွေးချယ်ကပြလေ့ကျင့်မှုနှင့် ပတ်သက်၍ ယခုလိုပြောပြခဲ့သည်။
"အငြိမ့်ရှေ့ထွက်မင်းသမီးအနေနဲ့ သီချင်းသုံးပုဒ် သီဆိုကပြခွင့်ရတဲ့အတွက် ပထမအပိုဒ်ကို ရန်ကုန် တက္ကသိုလ် ကျောင်းသူ ကံ့ကော်မြိုင်အငြိမ့်မင်းသမီးကြီးများ အစဉ်အဆက်ကပြခဲ့ကြပြီး ဂီတစာဆို မောင်ကြေးမုံ ရေးစပ်သီကုံးပေးထားတဲ့ ကံ့ကော်မြိုင် အဖွင့် ပဏာမ တေးကို ရွေးချယ်ခဲ့ပါတယ်။ ဒုတိယအပိုဒ်ကတော့ ဘူမိဗေဒအငြိမ်းစားပါမောက္ခဆရာကြီး ဒေါက်တာဌေးဝင်း ရေးစပ်သီကုံးပေးပါသော ရာပြည့်သဘင်လို့ အမည်ရတဲ့ သီချင်းနဲ့ ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်ကို ကြိုဆို ကပြခဲ့ပြတယ်။ နောက်ဆုံး တတိယအပိုဒ်ကိုတော့ တက္ကသိုလ်ကျောင်းသူလည်းဖြစ်၊ ဝါသနာရှင် သဘင်သည် လည်းဖြစ်တဲ့ မွန့်အနေနဲ့ လူရွှင်တော်မျက်မှန်လို့အမည်တွင်ခဲ့တဲ့ ဆရာဦးတင်မောင်ဌေးနဲ့ ဆရာကြီး ဒေါက်တာ ဌေးဝင်းတို့ ပူးပေါင်းရေးစပ်ခဲ့ကြတဲ့ ရွက်လှပန်းသဘင် သည်ဆိုတဲ့ သီချင်းလေးကို ဆရာ ဆရာမတို့ရဲ့ ရွေးချယ် ပေးမှုနဲ့ကပြခဲ့ပါတယ်"ဟု ပြောပြခဲ့သည်။
ကံ့ကော်မြိုင်အငြိမ့်အပေါ်ထားတဲ့ သူ့ရဲ့မျှော်မှန်း ချက်ကိုလည်း- "ရှေ့ထွက်မင်းသမီး တစ်လက်အနေနဲ့ ကပြခဲ့ရပေမယ့် အငြိမ့်သဘင်မိသားစုဘဝကို ခံစားခဲ့ရပါ တယ်။ အလုပ်တစ်ခုမှာ ကိုယ်တစ်ယောက် ကောင်းရုံနဲ့မရတဲ့သင်ခန်းစာတွေကို ရရှိခဲ့ရပါတယ်။ ကံ့ကော်မြိုင်ကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြပြီး မွန်တို့ အလှည့်မှာ တာဝန်ကျေကျေလုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ နောင်အနာဂတ် တွေမှာလည်း ထူးချွန်ပြောင်မြောက်တဲ့ ကံ့ကော်မြိုင် မျိုးဆက်သစ်လေးတွေ များစွာ များစွာ စောင့် မျှော် ကြိုဆိုနေပါ့မယ်"ဟု ပြောကြားခဲ့သည်။
ခေါင်းဆောင် မင်းသမီးရှင်းရှင်းသန့်က ရန်ကုန် တက္ကသိုလ် ရာပြည့်ကံ့ကော်မြိုင်အငြိမ့် ကပြခွင့်ရအောင် အတွက် ကြိုးစားခဲ့ရပုံနှင့် ပတ်သက်၍-
"ပထမ ရာပြည့်အထိမ်းအမှတ် အငြိမ့်ပြိုင်ပွဲလုပ်မယ် ဆိုပြီး ကျောင်းကိုအကြောင်းကြားစာ ရောက်လာ ပါတယ်။ အဲဒီမှာ တက္ကသိုလ်ကိုယ်စားပြုအဖွဲ့ထွက်ဖို့ ပြိုင်ပွဲလုပ်ပါ တယ်။ အဲဒီပြိုင်ပွဲကို ဝင်ပြိုင်ရင်းနဲ့ ပထမရသွားတာပါ။ အကအနေနဲ့ကတော့ သမီးက ၄ နှစ်သမီး အရွယ်ကတည်းက ကခဲ့တာပါ။ လက်ဦးဆရာကတော့ တစ်ခိုင်လုံးရွှေ ဒေါ်အေးအေးမြင့်ပါ။ နောက်တော့ အကဆရာမ ဒေါ်စမ်းရီ၊ ဒေါ်အေးအေးချို၊ လူရွှင်တော်ဗေဒါရဲ့အမျိုးသမီး၊ အနုပညာအသင်းမှာဆိုရင် မိုးနတ်သူဇာ ဒေါ်သီတာဝင်း၊ ဆရာမဒေါ်မူမူခင်၊ ဆရာမဒေါ်ခင်နှင်းနှင်းကြည်တို့က သင်ပေးပါတယ်။ ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ခဲ့ပြီး ဆုတွေလည်းရခဲ့ပါတယ်။ အခုဒီပွဲအတွက် သင်ကြားပေးတဲ့ ဆရာမကတော့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ကထိက ဆရာမဒေါ်ခိုင်သဇင်သင်းပါ။ ဒီပွဲက ကိုဗစ်ကာလအတွင်းမှာလည်း ဖြစ်သွားတာ ဆိုတော့ အကသင်ကြားရေးကို Online ကနေ virtual စနစ်နဲ့ ဆရာမခိုင်သဇင်သင်းက သင်ကြားပေးပါတယ်”။
ကကြိုးကကွက်များနှင့် သီချင်းရွေးချယ်မှု၊ လေ့ကျင့်မှု တို့နှင့် ပတ်သက်၍-
"ဒီပွဲမှာတော့ ရွာစား ဦးအောင်ဝမ်းတူး ရေးပေးတဲ့ ကံ့ကော်မြိုင်ရဲ့စေတနာ (အဖွင့်သီချင်း)နဲ့ ကံ့ကော်မြိုင် အသိမ်းသီချင်းရယ်၊ ပြီးတော့ ဝါးလတ်သီချင်းအနေနဲ့ ရန်ကုန်တက္ကသိုလ်အနုပညာ အသင်းက ရွာစားဆရာကြီး ဒေါက်တာဌေးဝင်းရေးပေးတဲ့ လက်ကမ်းကြိုဆို ဒို့တက္ကသိုလ် သီချင်းသုံးပုဒ် တင်ဆက်ထားပါတယ်။ Online ကနေ Virtual စနစ်အနေနဲ့သင်ကြားရတဲ့ အတွေ့အကြုံ အသစ်တစ်ခု ရရှိခဲ့ပါတယ်။ ဆရာကြီးတွေရေးပေးတဲ့ သီချင်းအသစ်တွေအကုန်လုံးရဲ့ စာသားတွေအပေါ် ခံစား သက်ဝင်ပြီး အကောင်းဆုံး ကပြခဲ့ပါတယ်။ ရွာစား ကိုထက်အာကာကလည်း သမီးအက ပေါ်လွင်အောင် အတီးပိုဒ်တွေမှာ ဒိုးဆစ်တီးကွက်တွေ လက်စွမ်းပြတီး ခတ်ပေးထား ပါတယ်။ အဲဒီဒိုးဆစ်အပေါ်ဆရာမ ခိုင်သဇင် သင်းကလည်း သမီးနဲ့လိုက်ဖက်မယ့် ကကွက်တွေ ဖန်တီး ပေးခဲ့ပါတယ်။ ဆရာမရဲ့သင်ကြားမှု အောက်မှာ အကောင်းဆုံး ကပြတင်ဆက်ထားပါတယ်”။
ပြက်လုံးများကို ခေါင်းဆောင်မင်းသမီးအနေဖြင့် လူရွှင်တော်များနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ယခုလိုပြောပြသည်။
"အရင်ပွဲတွေတုန်းကဆိုရင်တော့ လူရွှင်တော် မိတ်ဆက်တို့ဘာတို့ကို အရွှင်အနေနဲ့ ကပြ တင်ဆက်ခဲ့ ပါတယ်။ အခု ဒီတစ်ခေါက်ပွဲမှာတော့ လူရွှင်တော်မိတ်ဆက်ကို အတည်အခန့်အနေနဲ့ လုပ်ထားပါတယ်။ ခေါင်းဆောင် မင်းသမီးနဲ့ အခန့်မိတ်ဆက်ကို လူရွှင်တော် ဦးချစ်ချော ရေးသားပေးထားတာပါ။ အဲဒါလေးကတော့ ဒီလိုပါ-
(ခေါင်းဆောင်မင်းသမီး) အစ်ကိုတို့ရေ… တက္ကသီ လာ မြကျွန်းသာရဲ့ စဉ်လာကြီးမား ခံ့ညားထည်ဝါ၊ နှစ်တစ် ရာပြည့်တဲ့ပွဲကြီးမှာ ပဏ္ဏာတင်သ ဂါရဝနှင့် ကပြဖျော် ဖြေခွင့်ရတဲ့အတွက် နှစ်သက်ကြည်ရွင် ကျေးဇူးတင်လို့ မဆုံးပါဘူးရှင်။
(လူရွှင်တော်) လိမ္မာလိုက်တာ ညီမလေးရေ ရန်ကုန် တက္ကသိုလ်ဆိုတဲ့ ပညာရိပ်မြုံမှာ ခိုလှုံဝင်နား သင်ကြား ခွင့်ရခဲ့ရုံသာမက ကြုံတောင့်ကြုံခဲ ရာပြည့်ပွဲနဲ့ ဆင်နွှဲ ပိုင်ပိုင် တိုက်ဆိုင်ခဲ့တာဟာလည်း ထူးကဲတဲ့ ကံကြမ္မာပါပဲ ခင်ဗျာ။
(ခေါင်းဆောင်မင်းသမီး) ဟုတ်ကဲ့ပါရှင်၊ ၁၉၂၀ ပြည့် နှစ်မှာ ရန်ကုန်ယူနီဗာစီတီကောလိပ်နဲ့ ဂျပ်ဆင် ခေါ် ယုဒသန်ကောလိပ်ကြီး နှစ်ခုကိုပေါင်းပြီး ရန်ကုန် တက္ကသိုလ်ဆိုတဲ့အမည်နဲ့ ၁၉၂၀ ဒီဇင်ဘာလ ၇ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်ခဲ့တာဟာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင် ဘာလမှာ နှစ်တစ်ရာတိတိ ပြည့်ခဲ့ပါပြီၡင်။
(လူရွှင်တော်) စာတတ်ပေတတ် ပညာတတ်ကလေး ဆိုတော့ သမိုင်းအချက်အလက်တွေနဲ့ ဒေါက်ခနဲ ဒေါက်ခနဲ ပြောနိုင်ပါပေရဲ့ဗျာ။ ဟုတ်ပါတယ်ခင်ဗျာ။
ရန်ကုန်တက္ကသိုလ်ရဲ့ပုံရိပ်သည် မြန်မာ့လွတ်လပ် ရေးသမိုင်းနဲ့အတူ တစ်ထပ်တည်းၡိခဲ့ပါတယ်။
စိန်ပန်းနီနီ၊ သွေးနီနီမှာ၊ တူညီဟစ်ကြွေး၊ တော်လှန် ရေးရဲ့၊ ပုံရိပ်တွေဟာလဲ ရန်ကုန်တက္ကသိုလ်ကြီးမှာ ထင်ဟပ်နေဆဲပါခင်ဗျာ။
(ခေါင်းဆောင်မင်းသမီး) မှန်ပါတယ်ရှင်၊ ဒါတင်မက သေးပါဘူး၊ ရန်ကုန်တက္ကသိုလ်မှ မွေးဖွားထွန်းပြောင် နိုင်ငံ့ရှေ့ဆောင်များစွာလည်း ပေါ်ထွန်းခဲ့ပါပြီ။
တိုင်းပြည်အရေး၊ လုပ်အားပေးမယ့် အသိပညာၡင်၊ အတတ်ပညာရှင်များစွာကိုလည်း သေချာအဟုတ် မွေးထုတ်ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးပါပဲၡင်။
(လူရွှင်တော်) ဟုတ်လိုက်လေဗျာ။ ရန်ကုန်တက္ကသိုလ် ဆိုတာ ပညာနယ်မြေပါ။ နိုင်ငံတကာက ပညာတတ်ခေါင်းဆောင်ကြီးများဟာလည်း ဒီတက္ကသိုလ်ကြီးထဲမှာ ကြွရောက်ပြီး ကောင်းချီးမင်္ဂလာ ခံခဲ့ကြပါတယ်။ စင်ကာပူ သမ္မတကြီး လီကွမ်ယူ၊ ဂျာမနီသမ္မတကြီး၊ မွန်ဂိုလီးယား သမ္မတကြီးနဲ့ အမေရိကန်သမ္မတကြီး ဘားရက်အိုဘားမား တို့ဟာ ရန်ကုန်တက္ကသိုလ်ခန်းမကြီးတွေမှာ ကြွရောက် ဂုဏ်ပြု၊ အားပေးမှုတွေလည်း ရှိခဲ့ပါတယ်။
(မင်းသမီး) ဒါတင်ဘယ်ကဦးမလဲရှင်၊ ရန်ကုန် တက္ကသိုလ်ကြီးနဲ့ ပတ်သက်တဲ့ ရင်ခုန်သံတွေလည်း အများကြီး ၡိခဲ့ဖူးပါတယ်။ ကဗျာလင်္ကာ၊ စာပေဂီတ၊ ပြဇာတ်ရုပ်ရှင် အသွင်မြောက်မြား၊ ဆောင်းပါးဝတ္ထုအစုစုနဲ့ ရတုဖော်ညွှန်း မော်ကွန်းသမိုင်း ပုံနှိုင်းဖွယ်ရာအဖြာဖြာ တို့သည် ရန်ကုန်တက္ကသိုလ်မှာ ထင်ရှားစွာရှိခဲ့ကြပါ တယ်ရှင်။
(လူရွှင်တော်) ဒါပေါ့ ညီမလေးရေ...ကံ့ကော်ပင်တန်း ဒီစခန်းမှာ အလွမ်းနိမိတ် ပန်းအရိပ်နဲ့၊ လွမ်းစိတ်ဝန်းရံ ရင်ခုန်သံတွေလည်း ညံလျက်ရှိနေဆဲပါ။
ထူးချွန်ထွန်းပြောင် ကလောင်စွမ်းအား လွန်ကြီးမား တဲ့ စာပေပညာရှင်ကြီးများ မြောက်မြားစွာ ပေါ်ထွက်ခဲ့ ကြတာလဲ ဒီတက္ကသိုလ်ကြီးပါပဲ။
တွံတေးသိန်းတန်ရဲ့ “ချစ်ရက်ရှည်ရှည် အင်းယားမြေ”ဆိုတဲ့ သီချင်းတွေ၊ “မြကျွန်းညိုညို တက္ကသိုလ်”တို့၊ အမေဒေါ်ချိုပြုံးရဲ့ “တက္ကသိုလ်ကျောင်းက ငွေလမင်း” တို့၊ ဆရာ ကိုသန်းလှိုင်ရဲ့ “ကံ့ကော်မြိုင်နန်း”၊ ဆရာ ဦးမင်းနောင်ရဲ့ “တက္ကသိုလ်ကျောင်းသူတစ်ဦး” ဆရာကိုမြသိန်းရဲ့ “မြသီလာသို့ အလွမ်းပြေ” အစရှိတဲ့ မြန်မာသံ သီချင်းတွေ၊ စတူဒီယို သီချင်းပေါင်းများစွာဟာ ပြည်သူ့ရင်ကို ဖမ်းစားလှုပ်ခတ် အလွမ်းဇာတ်တွေ ဝေနေဆဲပါ။
(မင်းသမီး) ဟုတ်ကဲ့ပါရှင် အဲဒီလို အလွမ်းအဆွေး တော်လှန်ရေးနဲ့ တိုင်းရေးပြည်မှု အစုစုတို့ ပေါင်းစုဝန်းခို အမိ ရန်ကုန်တက္ကသိုလ်ကြီး နှစ်တစ်ရာပြည့်သော်လည်း အမိတက္ကသိုလ်ကြီး မအိုသေးပါဘူး။ ငယ်သွေးမာန်ကြွ သူ့အလှနှင့် တက်ကြွထုဆစ် မျိုးဆက်သစ်တွေ မွေးထုတ် ပေးနေဆဲ အမိတက္ကသိုလ်ကြီးကို သမီးက ဦးချပန်ထွာ ဝန္ဒနာနဲ့ ဆယ်ဖြာစုံမိုး ရိုကျိုးစွာ ကန်တော့ပန်းဆင် လိုက်ချင်တာကတော့ . . . .
လူရွှင်တော်နဲ့ အပေးအယူမျှမျှ ပူးပေါင်းဆောင်ရွက်မှုကို စကားပုံဖော်ပြောပြခဲ့သည်။
ကံ့ကော်မြိုင်အငြိမ့်အပေါ် မင်းသမီး၏ မျှော်မှန်းချက် နှင့် ပတ်သက်၍-
“ကံ့ကော်မြိုင်အငြိမ့်အပေါ် မျှော်မှန်းချက်ဆိုရင်တော့ မိုးနတ်သူဇာအငြိမ့်လိုမျိုး တက္ကသိုလ်က မွေးထုတ်ပေး လိုက်တဲ့ ပြည်သူချစ်တဲ့ အငြိမ့်အဖွဲ့တစ်ဖွဲ့ဖြစ်ချင်ပါတယ်” ဟု ဖြေကြားပါသည်။
ယင်းနောက် လူရွှင်တော် ဗန်ဗန်ကလည်း အခုလို မေးသမျှကို ဖြေကြားပေးခဲ့ပါသည်။
ကံ့ကော်မြိုင်အငြိမ့်အဖွဲ့၏ ခေါင်းဆောင် လူရွှင်တော် အနေဖြင့် ကြိုးစားခဲ့ရမှုနှင့် ပတ်သက်၍-
“ကျွန်တော်တို့က ရန်ကုန်တက္ကသိုလ်မှာ ကောလိပ် ချဉ်ဆိုတဲ့အမည်နဲ့ အနုပညာ အင်အားစုလေးတစ်ခု ကျွန်တော်တည်ထောင်ထားပါတယ်။ အဓိကကတော့ အငြိမ့်သဘင်တွေကို တက္ကသိုလ်ပွဲတွေမှာ ဖျော်ဖြေ တင် ဆက်နိုင်ဖို့အတွက်ပါ။ ကိုယ်တိုင်ကလည်း ဝါသနာပါပါတယ်။ ကျွန်တော်တို့က တက္ကသိုလ် ပွဲတွေမှာကပြီးသား အငြိမ့်သဘင်သမားစဉ်နဲ့ ထိတွေ့ပြီးသား ဆိုပေမယ့် ရာပြည့်ကံ့ကော်မြိုင်ဆိုတဲ့ အငြိမ့်ကို ကပြဖျော်ဖြေ တင်ဆက်နိုင်ဖို့ တာဝန်ပေးအပ်ခြင်းခံရတဲ့ အချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ လုံးဝအကုန်လုံး အစကနေပြန်စပြီး လေ့လာသင်ကြား လေ့ကျင့်ခဲ့ပါတယ်။ လေ၊ သန္ဓေ၊ မျက် နှာ၊ ရှုခံ အစရှိသဖြင့်ပေါ့။ ဘာလို့လဲဆိုတော့ ဒါဟာ နှစ် ၁၀၀ မှ တစ်ခါကြုံရတဲ့ ဖျော်ဖြေတင်ဆက်ခွင့်ရတဲ့ ပွဲလည်း ဖြစ်တယ်။
“ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတွေ သာမကပါဘူး မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ မိဘ ပြည်သူ ညီအစ်ကိုမောင်နှမတွေပါ ကြည့်ရှုခံစားကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့တက္ကသိုလ်ပွဲတွေမှာ ကခဲ့ တဲ့ပွဲတွေထက် ကျွန်တော်တို့အဆပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်။ တစ်ဦးတည်းတ စ်ယောက်တည်း ကြိုးစားပြီး ကောင်းနေလို့မရပါဘူး။ အဖွဲ့လိုက် စုစုစည်းစည်းနဲ့ ညီအောင် ဇာတ်တိုက် လေ့ကျင့်ကြိုးစားခဲ့ကြပါတယ်။ အစဉ်အလာရှိခဲ့တဲ့ ကံ့ကော်မြိုင်အငြိမ့်ကို နောင်တော် မျိုးဆက်တွေက လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့သလို ကျွန်တော်တို့ မျိုးဆက်သစ် ကံ့ကော်မြိုင် စတုတ္ထမျိုး ဆက်အနေနဲ့ ရာပြည့်သဘင်မှာ ဂုဏ်ပြုတင်ဆက်ရင်း တာဝန်ကျေချင်တဲ့အတွက် ရှိသမျှအစွမ်းကုန်သုံး ဝီရိယ စိုက်ပြီး လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။
အဓိကကတော့ တက္ကသိုလ်ပွဲပေါ့။ တက္ကသိုလ်ပွဲ ဖြစ်တဲ့အတွက် တက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ ပြက်လုံးတွေကို အတတ်နိုင်ဆုံးကြိုးစားပြီး ရွေးထုတ်စဉ်းစားခဲ့ပါတယ်။ ပြက်လုံးစီစဉ်ခဲ့တဲ့ နေရာမှာ လည်း ကျွန်တော်ရဲ့ လက်ဦး ဆရာ ကံ့ကော်မြိုင်လူရွှင်တော်ကြီး ဆရာဦးလန်ဘား၊ လူရွှင်တော် ဦးချစ်ချော၊ လူရွှင်တော် ကိုပြည်ချစ်တို့ရဲ့ အနီးကပ်သင်ကြားပေးမှုတွေနဲ့ စီစဉ်ခဲ့ပါတယ်။ ပြက်လုံး အဆင့်အတန်းဆိုတာကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အောက်လုံးနဲ့ နိုင်ငံရေးနွှယ်တဲ့ ပြက်လုံးတွေကို လုံးဝရှောင်ခဲ့ပါတယ်။
ကံ့ကော်မြိုင်အငြိမ့်အပေါ် မျှော်မှန်းချက်နှင့် ပတ်သက်၍-
“ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်ပွဲဖြစ်တာနဲ့ အညီ မြန်မာတစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးမှာရှိတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းတွေ ရော၊ အငြိမ့်သဘင်ကို ချစ်မြတ်နိုးသူ မိဘပြည်သူ ပရိသတ်တွေရောပါ အားပေးကြမယ်လို့ မျှော်လင့်မိ ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ ပညာရှင် မဟုတ်ဘဲ ပညာသင်လူရွှင်တော်တွေဖြစ်တဲ့အတွက် လိုအပ်ချက် အမှားအယွင်းဆိုတာ အနည်းနဲ့အများ ရှိနိုင်ပါတယ်။ ဒါကြောင့် အပြစ်တော်မမြင်ဘဲ အချစ်တော်ဝင်ကာ အားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ဖြေကြားပေးခဲ့ပါသည်။ ။
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
- အမည်ရင်း နေလင်းဝေ ဖြစ်သည်။
- ၁၉၇၉ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်း ဒဂုံမြို့နယ်တွင် မွေးဖွားသည်။
- ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာ စာ) ရရှိခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့နှင့် မဟာသုတေသနဘွဲ့ (မြန်မာစာ)ကို ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ရရှိခဲ့သည်။
- ၂၀၀၈ ခုနှစ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသို့ နည်းပြအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ သည်။
- ၂၀၁၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန၌ လက်ထောက်ကထိကရာထူးသို့ တိုးမြှင့်ခြင်း ခံရသည်။
- ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန် တက္ကသိုလ်မှ ပါရဂူဘွဲ့ကို မြန်မာစာအထူးပြုဖြင့် ရရှိခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် (၅၀) ရပ်ကွက်တွင် နေထိုင်လျက်ရှိသည်။
ကိုနေ(မြန်မာစာ)