Skip to main content

နိုင်ငံ့အန္တရာယ် အွန်လိုင်းလိမ်လည်လောင်းကစားဂိုဏ်းများ အမျိုးသားရေးအသွင်ဖြင့် ပြတ်ပြတ်သားသားချေမှုန်း

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ပါဝင်သည့် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၅၂/၂၀၂၅ ကို ထုတ်ပြန်၍ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

၂၀၁၅ ခုနှစ်ခန့်မှစကာ အရှေ့တောင်အာရှနိုင်ငံအချို့တွင် ဝင်ရောက်လုပ်ကိုင်လာကြသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများသည် ၂၀၂၁-၂၀၂၂ အကြား ကာလတွင် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းရောက်ရှိလာကြ သည်။ ၎င်းတို့ဝင်ရောက်လုပ်ကိုင်သည့်နေရာများမှာ လက်နက် ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့်နေရာများဖြစ်ပြီး ၎င်းတို့၏အွန်လိုင်းရာဇဝတ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်အပေါ် စွပ်စွဲပြောကြားမှုများ၊ မဟုတ်မမှန်ဝါဒဖြန့်မှုများ ထွက်ပေါ်လာကာ အထင်အမြင်လွဲမှားမှုများအပေါ် ဖြေရှင်းမှုများပြုလုပ်ခဲ့ရသည်။ မြန်မာ့မြေပေါ်ရောက်ရှိနေသည့် ၎င်းရာဇဝတ်လုပ်ငန်းများနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံက ရိုက်ကူးပြသခဲ့သည့် ဇာတ်လမ်းရုပ်ရှင်ကားတစ်ကားကြောင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အပေါ် မမှန်မကန်ထင်မြင်ခဲ့ကြသည်။

စင်စစ်အားဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အဓိကဦးဆောင်ကျူးလွန်ခဲ့ကြသူများသည် တရုတ်နိုင်ငံသားများအပါအဝင် ဆိုရှယ်မီဒီယာများမှတစ်ဆင့် လိမ်လည်စည်းရုံး လူကုန်ကူးခံကြရပြီး အွန်လိုင်းလိမ်လည်မှုများ တွင် ပါဝင်လုပ်ကိုင်ခဲ့ကြရသူများ၊ ပြည်ပမှဝရမ်းပြေးများ ဖြစ်ကြသည်။ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသသို့ အွန်လိုင်းငွေလိမ်လောင်းကစားဂိုဏ်းများ ဝင်ရောက်လုပ်ကိုင်လာကြရာ မြန်မာနှင့်တရုတ်နှစ်နိုင်ငံ Task Force ဖွဲ့စည်း၍ ပူးပေါင်းနှိမ်နင်းမှု ပြုလုပ်ခဲ့ရသည်။ အဆိုပါ နှိမ်နင်းမှုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သူ ၅၃၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အပြင် အဓိကပြစ်မှုကျူးလွန်သူများကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသတွင်မူ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်ရန် အကြောင်းပြ၍ အခြေခံအဆောက်အအုံများ ဆောက်လုပ်ကာ တစ်ဖက်နိုင်ငံမှတင်သွင်းသည့် အရင်းအမြစ်များနှင့်လုပ်ငန်းများ လည်ပတ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများ အပြည့်အဝလုပ်ကိုင်ရန် အကန့်အသတ်၊ အခက်အခဲရှိသည့် နေရာများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။ အဆိုပါဒုစရိုက် လုပ်ငန်းများကြောင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ထိပါးစေသည့်အပြင် နိုင်ငံ၏လုံခြုံရေးအတွက်ပါ အန္တရာယ်ရှိလာသည်။

ယခုအခါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို နယ်စပ်ဒေသများတွင် အမြစ်ပြတ်ရှင်းလင်းရန်၊ ထိုမှတစ်ဆင့် ပြည်တွင်းအထိ ပျံ့နှံ့ရောက်ရှိမလာစေရန်၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ ထိထိရောက်ရောက် အမြစ်ပြတ်နှိမ်နင်းရန်အတွက် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင်ပါ တိုက်ဖျက်ရေးကော်မတီများ ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် တစ်စုံတစ်ရာ အကျိုးအမြတ်မရရှိစေသည့်အပြင် နိုင်ငံကိုလည်း အန္တရာယ်ကျရောက်စေနိုင်သည်။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများဖြစ်နေပြီး ပြည်တွင်းရှိ လက်နက်ကိုင်သောင်းကျန်းမှုများကိုလည်း လောင်စာထိုးပေးသကဲ့သို့ဖြစ်ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အမြစ်ပြတ်ချေမှုန်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။