Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၇

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်ပူတာအိုမြို့သို့ ရောက်ရှိကြရာ လေဆိပ်တွင် ပူတာအိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ က ရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပူတာအိုခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများကို ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌ တွေ့ဆုံအမှာစကား ပြော ကြားသည်။

ရှင်းလင်းတင်ပြ

ဦးစွာ ပူတာအိုခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အတွင်းရှိ ဒေသဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့်ချေးငွေ များထုတ်ချေးထားရှိမှု၊ ဒေသအတွင်း ဆန်စပါးနှင့် ဆီဖူလုံမှုရှိစေရေး စီမံဆောင်ရွက်လျက်ရှိမှု၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရိုင်အတွင်း MSME လုပ်ငန်းများဆောင်ရွက်နေမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဒေသဝမ်းစာအတွက် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် မြစ်ကြီးနား- ပူတာအို လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားရေရိက္ခာများ၊ ဆေးဝါးများ၊ လယ်ယာသုံးစက်များ အသုံးပြုရန်အတွက် စက်သုံးဆီများကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးမှုအတွက် ကျေးဇူးတင်ရှိမှု၊ ပူတာအို၏ အဓိကလမ်းမကြီးဖြစ်သည့် မြို့တွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဆိုလာစနစ်သုံး လမ်းမီးတပ်ဆင်ပေးနိုင်ရန်နှင့် ဒေသ အတွင်း အလုပ်သမားမှတ်ပုံတင်ကတ်ပြားနှင့် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ရာတွင် အဆင်ပြေစေရန်အတွက် ပူတာအိုမြို့၌ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနများ လာရောက်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ဒေသခံပြည်သူဦးမြင့်အောင်က မွေးမြူရေးလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် တိရစ္ဆာန်အစာများ လုံလောက်စွာဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှုတို့ကို တင်ပြကြသည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြမှုများအပေါ် ပူတာအိုခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ စပါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်းထက် ရှိပြီး စိုက်ဧကများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီရန်လိုကြောင်း၊ ၄၉ ဒသမ ၀၈ ရာခိုင်နှုန်းသာထွက်ရှိ၍ သတ်မှတ်ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လိုအပ်သည့် ယူရီးယားသဘာဝဓာတ်မြေဩဇာနှင့် သွင်းအားစုများ ဖြည့်တင်းခြင်းနှင့်သတ်မှတ်ကောက်ကွက် ပြည့်မီအောင် စိုက်ပျိုးရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ တောင်သူများစိုက်ပျိုးရေး အသိပညာများရရှိရေး ဆောင်ရွက်သွားရန်၊ MSME ကဏ္ဍနှင့်ပတ်သက်၍ ခရိုင်အတွင်း စားကုန်၊ သောက်ကုန်၊ သုံးကုန်များဒေသအတွင်း ဖူလုံစွာထုတ်လုပ်သွားရန်၊ မဂွေဇ- ခေါင်လန်ဖူးလမ်းပေါ်ရှိ ဆန်းလွှတ်ချက်ရောက်ပြီး ၆ မိုင်အပိုင်းမှ ခေါင်လန်ဖူးအထိ အချို့နေရာများတွင် မြေပြိုလမ်းပိတ်ဆို့မှုများအား ပြည်သူများသွားလာရေး အဆင်ပြေစေရန်အတွက်ရှိသည့် စက်အင်အား၊ လူအင်အားတို့ တိုးမြှင့်၍ အမြန်ဆုံးရှင်းလင်းဆောင်ရွက်သွားရန်၊ ပူတာအိုမြို့ သောက်သုံးရေ ဖူလုံစွာရရှိမှုမှာ ၄၇ ရာခိုင်နှုန်းသာရှိသဖြင့် သောက်သုံးရေဖူလုံစွာရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်သွားရန်နှင့် ရေဝေရေလွှဲနေရာများ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းသွားရန် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပူတာအိုဒေသမှ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ခေတ်အဆက်ဆက်၌ပင် တပ်မတော်နှင့် လက်တွဲကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း များစွာအားထားသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပူတာအိုမြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း။

ဒေသထွက်ကုန်ပစ္စည်းတိုးမြှင့်ထုတ်လုပ်

ပူတာအိုဒေသသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ကြိုးပမ်းမှုဖြင့် ယခုစပါးဖူလုံမှုရှိလာပြီဖြစ်ကြောင်း၊ စားသုံးဆီ ဖူလုံမှု အနည်းငယ်လိုအပ်ချက်ရှိသဖြင့် ဆက်လက်ကြိုးပမ်း၍ ဒေသအတွင်း ဖြစ်ထွန်းနိုင်မည့် ဆီထွက်သီးနှံများကို စိုက်ပျိုးကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးကောင်းနေရန်လိုကြောင်း၊ သို့မှသာ ဒေသအတွင်း ကုန်စည်စီးဆင်းမှုရှိစေရေး ဒေသနှင့် ကိုက်ညီသည့် ထွက်ကုန်ပစ္စည်း တိုးမြှင့် ထုတ်လုပ်သွားရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ MSME ချေးငွေများဖြင့် ထုတ်ချေး ပေးထားပြီးဖြစ်၍ စနစ်တကျ အကျိုးရှိစွာ စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအချင်းချင်း အသိပညာဖလှယ်ခြင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများကလည်း စိတ်ပါဝင်စားစွာဖြင့် လုပ်ငန်းလုပ်ကိုင် လိုသူများကို တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့၏လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် အဓိကလိုအပ်သည်မှာ ငွေကြေးအရင်းအနှီးဖြစ်ကြောင်း၊ အရင်းအနှီးရရှိမှသာ ဆောင်ရွက်လိုသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ပူတာအိုဒေသတွင် ရှားပါးဆေးဖက်ဝင် ပစ္စည်းများ နိုင်ငံတကာအဆင့်မီ ဂရိတ် ဖုသီး၊ အမေရိကန်သံပရာသီး၊ ဝါရှင်တန်သီးများ ဖြစ်ထွန်းသည့်အပြင် အိမ်နီးချင်း နိုင်ငံသို့ တင်ပို့နိုင်သည့် ဟင်းခတ်အမွှေး အကြိုင်ရှာကော၊ ပါကောထွက်ရှိရာ ဒေသဖြစ်၍ နားလည်တတ်ကျွမ်းသည့် ပညာရှင်များဖြင့် ပူးပေါင်းပြီး စနစ်တကျ ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်အချက်များကို တာဝန်ရှိသူများဖြင့် တိုင်ပင်ဆွေးနွေး တင်ပြရမည်ဖြစ်ကြောင်း။

ဆက်လက်၍ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ် များကိုလည်း သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း၊ ယခုရွေးကောက်ပွဲသည် တပ်မတော်က ဦးဆောင်ကျင်းပပြုလုပ်ခြင်း ဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မဖြစ်ပေါ်စေရေးဆောင်ရွက်ရန် စီမံထားပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှသာ လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားနိုင်မည်ဖြစ်ကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍ မရနိုင်သည့် ဒစ်ဂျစ်တယ်စနစ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များကို အသုံးပြုသွားမည်ဖြစ် ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၄၆ ဘီလီယံရှိပြီး မိမိနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများထက်ပင်ပို၍ များပြားကြောင်း၊ ထိုသို့လူဦးရေများပြားသည့် အိန္ဒိယတွင်ပင် အသုံးပြုလျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း။

မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး

မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန်တစ်ဦးချင်းစီ၌ တာဝန်ရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေပါဝင်၍ မဲပေးကြရမည်ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ် ရေးကတ်ပြား ရှိသူများသည် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူ အားလုံးဆန္ဒမဲပေးနိုင်ရေးကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းလိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုးဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုလုပ်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း။

ပညာရေးကဏ္ဍ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး

ပညာရေးကဏ္ဍနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့၏ ယမန်နှစ် Grade -12 အောင်ချက်ရာခိုင်နှုန်းကို အတုယူ၍ ပူတာအိုခရိုင်အတွင်း ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပမည့် Grade -12 စာမေးပွဲတွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲထူးချွန်စွာ အောင်မြင်ရန်နှင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် KG တန်းမှစ၍ Grade-12 အထိ ကျောင်းသားလူငယ်များ စာကျေအောင်၊ စာတတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ စာကျေစာတတ်မှသာ ၎င်းတို့ ၏ ဘဝတွင် အောင်မြင်မှုများရရှိနိုင်မည် ဖြစ်ကြောင်း၊ သို့မှသာ မိမိဒေသအတွင်း ထူးချွန်သည့် ဆရာဝန်၊ အင်ဂျင်နီယာများ ကအစ ပညာတတ်လူသားအရင်းအမြစ်များစွာ ပေါ်ထွက်လာမည်ဖြစ်ပြီး မိမိ ဒေသအကျိုးအတွက် ပြန်လည်တာဝန်ထမ်းနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းလူငယ်များ ကျောင်းစာသင်ကြားမှုနှင့် တန်းစဉ်ကူးပြောင်းရေးတွင် အားနည်း နေသေးသည့်အတွက် အစိုးရ၊ မိဘ၊ ကျောင်းသား ကျောင်းသူ၊ ရပ်မိရပ်ဖများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် စာပေဖတ်ရှုလေ့လာခြင်း များကိုလည်း အလေ့အထကောင်းတစ်ခုအဖြစ် ဖတ်မှတ်လေ့လာကြရန်ရှိပြီး စာကြည့်တိုက်များ ပိုမိုပြည့်စုံရန်လိုကြောင်း၊ ထိုသို့စာပေဖတ်ရှုခြင်းအား ဖြင့် အသိပညာ ဗဟုသုများရရှိလာပြီး အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်ပြီး တွေးခေါ်နိုင်စွမ်းရှိမည် ဖြစ်ကြောင်း။

နိုင်ငံတော် အကြီးအကဲအနေဖြင့်လည်း ပူတာအိုဒေသအား ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အလေးထားကာ လိုအပ်သည်များ ကူညီပံ့ပိုးဖြည့်ဆည်း လျက်ရှိကြောင်း၊ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ သစ္စာရှိနိုင်ငံဝန်ထမ်းအားလုံးအနေဖြင့် မိမိနေထိုင်ရာဒေသ၊ မိမိတာဝန်ထမ်းဆောင်ရာဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်