Skip to main content

(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှီးနှောဖလှယ်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီး‌နှောဖလှယ်ပွဲကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ တွင် ဆက်လက် ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာ ရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။

မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းဥက္က ဦးမောင်မောင်ဦးတို့က ဆောင်ရွက်ကာ သဘာပတိကအဖွင့်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဥပဒေအကြံပေး ဦးစိန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နံနက်ပိုင်း နှီးနှောဖလှယ်ပွဲ တွင် ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခ ချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာ စန်းစန်းနွဲ့က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင် များအဖြစ် တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ မြန်မာ နိုင်ငံ တိုင်းရင်းဆေးကောင်စီ အဖွဲ့ဝင် ဒေါ်ကြည်ဌေးက ဆောင်ရွက်သည်။

ထို့နောက် တိုင်းရင်းဆေးပညာ ရိုးရာကုထုံးနည်းစနစ်နှင့် ဆေးဝါးဆိုင်ရာ စာတမ်း ၁၀ စောင်ဖြစ်သော -“ဂုံရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့် အရိုးကျိုးရောဂါကုသ နည်းကို လေ့လာခြင်း” ၊ “ဝိဇ္ဇာ ဓရနယ ဝါဠုကယန္တရားရွှေပြာ ဖုတ်နည်းနှင့် ဆေးသုံးစွဲနည်း”၊ “ဆေးဖက်ဝင် နနွင်းခါးပင် အကြောင်းလေ့လာခြင်း” ၊ “တော လက်ဖက် (ခေါ်) ကြက်တက်ရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများကို လေ့လာတင်ပြခြင်း”၊ “တိုင်းရင်းဆေးကျမ်းများတွင် ဖော်ပြထားသည့် ဖန်ခါးပင်၏ ဆေးဖက်အသုံးပြုပုံများနှင့် သိပ္ပံနည်းကျသုတေသန တွေ့ရှိချက်များကို နှိုင်းယှဉ်လေ့လာခြင်း” စာတမ်းများ ဖတ်ကြားကြသည်။

မွန်းလွဲပိုင်း၌ နှီးနှောဖလှယ် ပွဲကိုဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ နာယက ဆရာကြီး ဦးမြင့်လွင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ သဘာပတိ အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီနာယက ဦးသန်းညွန့်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ပါမောက္ခ အောင်ကျော်မင်းတို့က ဆောင်ရွက်ပြီး “မူးယစ်ဆေးစွဲ ဝေဒနာရှင်များအား မြန်မာ့ရိုးရာတိုင်းရင်းဆေး နည်းဖြင့် ပြုစုကုသမှုအပေါ် လေ့လာ သုတေသနပြုခြင်း” ၊ “ပုဂ္ဂလပညတ် ဆေးပညာ၏ သဘောတရားများအား လေ့လာတင်ပြခြင်း” ၊ “အကင်း(၁၀)ပါး ဆေး (တိုင်းရင်းဆေးအမှတ်-၄၃)ကို အနာရောဂါများတွင် ကုသမှု အခြေအနေကို လေ့လာတင်ပြခြင်း” ၊ “အရိုးကျိုးခြင်းအား တိုင်းရင်းဆေးဖြင့်ကုသခြင်းကို လေ့လာတင်ပြခြင်း” ၊ “ရန်ကုန် တိုင်းရင်းဆေးရုံကြီး၌ အသုံးပြုလျက်ရှိသော မန်းဆေး၏လက်တွေ့ ကုထုံးအပေါ် လေ့လာတင်ပြခြင်း” စာတမ်းများဖတ်ကြားပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက စာတမ်းများနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ကြကာ ပညာရပ်များ နှီးနှောဖလှယ်ကြသည်။

ညနေပိုင်းတွင် (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ အောင်မြင်စွာကျင်းပပြီးစီး မှုအတွက် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးကြပါသော ဆရာကြီး၊ ဆရာမကြီးများ၊ စာတမ်းရှင်များ၊ တိုင်းရင်းဆေးပြခန်းများ ပါဝင်ပြသကြသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်များ၊ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ပံ့ပိုးကူညီပေးခဲ့ကြသည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များနှင့်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်