တောင်ကြီး ဒီဇင်ဘာ ၁၇
အကြိမ်(၂၀)မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ဝင်းဗိုလ်က မူးယစ်ဆေးဝါးပြဿနာသည် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသည့် အဓိကပြဿနာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းသည် နိုင်ငံအတွင်းမှုခင်းများ များပြားလာစေသည့် အပြင် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေကြောင်း၊ မူးယစ်ဆေးဝါးဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ဆက်စပ်ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုများကို ခြိမ်းခြောက်လျက်ရှိကြောင်း။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ သည် လူငယ်မျိုးဆက်သစ်များ၏ ဘဝလုံခြုံရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများကိုအခြေခံပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို နှစ်နိုင်ငံပူးပေါင်းပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်းဖြင့် အကျိုးရလဒ်ကောင်းများ တိုးတက်ရရှိလိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးကော်မရှင်၊ ဒုတိယအတွင်းရေးမှူးချုပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. ZHAO Zhongchen က မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး အောင်မြင်မှုများစွာလည်း ရရှိခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကဏ္ဍတွင် ဓာတုပစ္စည်းများထိန်းချုပ်ရေးမှာ အလွန်အရေး ကြီးကြောင်း၊ ဓာတုပစ္စည်းများ ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံသတင်းဖလှယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းမည့် ဓာတုပစ္စည်းများကိုလည်း သေချာစွာစိစစ်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံ မူးယစ်တရားခံပြေးများ ဖမ်းဆီးရမိရေးနှင့် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းဖွဲ့ ကျူးလွန်မှုများ တားဆီးနှိမ်နင်းရေးတို့ကိုလည်း သတင်းဖလှယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ အမြင်ချင်းတူစွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် နှစ်ဖက်ကိုယ်စားလှယ်များက နယ်စပ်ဒေသ လက်ရှိမူးယစ်ဆေးဝါးအခြေအနေများနှင့် သတင်းဖလှယ်မှုအခြေအနေများ၊ ထိန်းချုပ်ဓာတုပစ္စည်းအခြေအနေများ၊ နယ်စပ်ဒေသပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ ဂြိုဟ်တုဓာတ်ပုံဖြင့် ဘိန်းခင်းတိုင်းတာခြင်းနှင့် (၂၁)ကြိမ်မြောက် အစည်းအဝေးကို တရုတ်နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
