နေပြည်တော် ဒီဇင်ဘာ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် မလျှောက်ထားသေးသူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင် ရေးအတွက် အလေးထားဆောင်ရွက်ကြရန်မှာကြားပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အလုံခရိုင်ဦးစီးမှူးရုံး အတွင်း ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရုံးစာရွက် စာတမ်းများ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီး အောင်မြင်စေရန် ဆက်စပ် ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိစေရေး မှာကြားသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်ရုံး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
