Skip to main content

ဒုတိယဝန်ကြီး ဦးအောင်မြိုင် သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း၊ တောင်ကြီး-ထီသိမ်-ပေါမူ ရထားလမ်းပိုင်းနှင့် ပင်းပက် - နောင်ကားလမ်းခွဲ ရထားလမ်းပိုင်းအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သာစည် - ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ သာစည်၊ လှိုင်း တက်၊ ဘုရားငါးဆူ၊ ယင်းမာပင်၊ ကလော၊ ကမ်းနားနှင့် ဟဲဟိုးဘူတာများအခြေအနေ၊ ကလော- ဆင်တောင် - မြင်းဒိုက် ဘူတာကြားရှိ ရထားလမ်းပိုင်းနှင့် ကမ်းပါးနီဥမင် အဝင်/ အထွက် နေရာများ၊ တောင်ကြီး - ထီသိမ်- ပေါမူ ရထားလမ်းပိုင်းရှိ Great Wall ဖို့မြေ တာပေါင်နေရာ နှင့် ကျောက်စီရေဆင်းမြောင်း ဆောင်ရွက်ထားမှုအခြေအနေ၊ ပင်းပက် - နောင်ကားလမ်းခွဲရထားလမ်းပိုင်းနှင့် ရထားလမ်းတံတားများ၏ အခြေအနေ၊ ရွှေညောင်ဘူတာနှင့် ကွန်ကရစ် ဇလီဖား စက်ရုံ(ရွှေညောင်) တို့၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် သာစည် - ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ သာစည် ဘူတာအသစ်ပြန်လည်တည် ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး သာစည်ဘူတာသည် ဘူတာကြီး ဖြစ်သည့်အတွက် အသစ်ပြန်လည် တည်ဆောက်ရာ၌ သတ်မှတ်ပလက်ဖောင်း အကျယ်ရရှိအောင်ဆောင်ရွက်ရန်၊ ခရီးသွားပြည်သူများ အဆင်ပြေစေရန်နှင့် ယာဉ်ရပ်နားရန်နေရာ များ စနစ်တကျထည့်သွင်း တည်ဆောက်သွားရန်မှာကြားသည်။

ထို့နောက် လှိုင်းတက်၊ ဘုရား ငါးဆူ၊ ယင်းမာပင်၊ ကလော၊ ကမ်းနားနှင့် ဟဲဟိုးဘူတာနှင့် ယာဒ်ဝင်းများကို စစ်ဆေးပြီး ဘူတာများသန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်ရန်၊ ဘူတာရှိပျက်စီးမှုများအား ဦးစားပေးအလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ကလော - မြင်းဒိုက် - ဆင်တောင်ဘူတာကြား ရထားလမ်းပိုင်းရှိ မြေထိန်းနံရံများ ပြန်လည်ပြုပြင်ထားရှိမှုကိုလည်းကောင်း၊ တောင်ကြီး - ထီသိမ် - ပေါမူရထားလမ်းပိုင်းအား RGC ရထားဖြင့် လိုက်ပါစီးနင်း၍ Great Wall ဖို့မြေတာပေါင်သစ် ဆောင်ရွက်ထားမှု၊ ကျောက်စီရေဆင်းမြောင်း ဆောင်ရွက်ထားရှိမှု၊ Gabion Basket ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းများ၏အခြေအနေ၊ ထီသိမ်အဝိုင်းပတ်ရထားလမ်း တာပေါင်ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ထားမှုနှင့် ထီသိမ်အဝိုင်းပတ်တံတား (ဘဝသံသရာ) တို့၏ အခြေအနေကိုလည်းကောင်း စစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တောင်ကြီး- နောင်ကားလမ်းခွဲ - ပင်းပက်ရထားလမ်းပိုင်းအား RGC ရထားဖြင့် လိုက်ပါစီးနင်း၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် အဆိုပါရထားလမ်းပိုင်းရှိ တံတားနှင့် တာပေါင်များ ထိန်းသိမ်းမှုအခြေအနေ၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခံ့မှုရှိစေရေး စနစ်တကျစစ်ဆေးပြီး ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ရေမြောင်းများ (Side Drains) စနစ်တကျဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ရွှေညောင်ဘူတာနှင့် ရွှေညောင်ကွန်ကရစ် ဇလီဖားစက်ရုံကို လည်းကောင်း၊ ရန်ကုန် - မန္တလေး ရထားလမ်း ပိုင်း၊ စမုံ - သပြေတောင်း ဘူတာကြားရှိ တံတားအမှတ် - ၆၉၁ စမုံ တံတားသစ်တည်ဆောက်ရေး စီမံကိန်းနေရာကို လည်းကောင်း သွားရောက်စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်