နေပြည်တော် ဒီဇင်ဘာ ၂၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြားရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ထားရှိမှု ပိုမိုတိုးတက် ခိုင်မာရေးနှင့် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးကြသည်။
ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ပံ့ပိုးကူညီသွားမည့်ကိစ္စ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန် အလှန်ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်
