Skip to main content

ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား သုံးလစာထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ(၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဝါးခယ်မမြို့နယ် ရွှေခယ်သီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြောင်းမြခရိုင်နှင့် ဝါးခယ်မမြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အချို့မှအကြောင်းအမျိုးမျိုးကြောင့် ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်း နေထိုင်ကြသည့် ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ဒေသအချို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များနှင့် သဘာဝဘေးအန္တရာယ်များ အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ယာယီရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့နေထိုင် လုပ်ကိုင်နိုင်မှုအဆင်ပြေမည့်ဒေသများသို့ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ရွှေ့ပြောင်းနေထိုင်ရာတွင် ဝါးခယ်မ မြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူများရှိရာ ၎င်းတို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ ယခုလည်း ဧရာဝတီတိုင်းဒေသကြီးမှ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃) လစာအတွက် ထပ်မံထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများ ပျောက်ဆုံး/ ပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အချင်းချင်းအပြန်အလှန်ချိတ်ဆက်ပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ထုတ်ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော် အစိုးရကလည်း နယ်မြေဒေသအားလုံး တည်ငြိမ်အေးချမ်းရေးနှင့် ယာယီရွှေ့ပြောင်းနေထိုင်ကြသည့် ပြည်သူများကို ၎င်းတို့ဒေသများ၌ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက် လျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရကလည်း ယာယီရွှေ့ပြောင်းနေထိုင် ကြသူများအတွက် လစဉ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်နေသကဲ့သို့ သက်ဆိုင်ရာဒေသအာဏာ ပိုင်များကလည်း လူမှုရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် အဘက်ဘက်က ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါကြောင်း၊ ယာယီရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မကြာမီကာလတွင် ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လည်အခြေချနေထိုင်နိုင်တော့မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ယာယီရွှေ့ပြောင်းနေထိုင်သူများအတွက် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ(၃)လစာထောက်ပံ့ငွေများကို ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးသည် ယာယီရွှေ့ပြောင်းနေထိုင်သူများအတွက် အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်၍ ယာယီရွှေ့ပြောင်းနေထိုင်သူများ ကိုယ်စားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယခု အခမ်းအနားတွင် ဝါးခယ်မမြို့နယ်အတွင်းသို့ တိုင်းဒေသကြီး/ပြည်နယ် အချို့မှ ယာယီရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၁၈၆ ဦး၊ အိမ်ထောင်စု အနေဖြင့် ၆၂ စုရှိပြီး ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃) လစာအတွက် စုစုပေါင်း ငွေကျပ် ၁၀၈၆၀၀၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့သို့သွားရောက်၍ ဒီဇင်ဘာ ၂၈ ရက် တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သည့် မြောင်းမြမြို့နယ်၏ အမှတ်(၄) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မဲရုံသို့လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ နောင်ရိုးခန်းမမဲရုံသို့ လည်းကောင်း၊ အမှတ်(၅) ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်း မဲရုံသို့လည်းကောင်း လှည့်လည်ကြည့်ရှု၍ မဲရုံများ၌ တာဝန် ထမ်းဆောင်နေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများကို မဲရုံများဖွင့်လှစ်ထားရှိမှု၊ မဲပေးစက်များ ရောက်ရှိ တပ်ဆင်ထားရှိမှုနှင့် မဲရုံနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်