Skip to main content

လူငယ်တွေအနေနဲ့ အနာဂတ် တိုင်းပြည်ကောင်းမွန်ဖို့အတွက် ပါတီကိုယ်စားလှယ်လောင်းတွေကို ပုံပြီးအပ်လိုက်ပါပြီ

မောင်မျိုးမင်းထက် (မဲဆန္ဒရှင်တစ်ဦး)

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်၌ ဒီဇင်ဘာ၂၈ ရက်တွင် စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင် ဖွင့်လှစ်သည့် နံနက်ပိုင်းမှစတင်၍ လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်၌ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များ၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ လေ့လာတွေ့ရှိချက်များနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရန် တာဝန်ရှိသူများ၏ ဆောင်ရွက်ထားရှိမှုများကို သတင်း အဖွဲ့က ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

မောင်မျိုးမင်းထက်(မဲဆန္ဒရှင်တစ်ဦး)

ကျွန်တော်က ဆိုင်မှာအလုပ်လုပ်တဲ့သူပါ။ ကျွန်တော်တို့လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပညာရေး၊ ကျန်းမာရေးနဲ့ လူငယ်တွေရဲ့အနာဂတ်ကို လေးစားတန်ဖိုးထားမယ် ထင်တဲ့ ပါတီကိုပဲ ဆန္ဒမဲပေးခဲ့တာပါ။ ရွေးကောက်ပွဲပြီးတာနဲ့ ကောင်းမွန်တဲ့အခြေအနေကို ရောက်ရှိသွားမယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ လူငယ်တွေတာဝန်ကျေခဲ့ပါပြီ။ ကျန်တာ ကိုယ်စားလှယ်‌လောင်းတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ အနာဂတ် တိုင်းပြည်ကောင်းမွန်ဖို့အတွက် ပါတီကိုယ်စားလှယ်လောင်းတွေကို ပုံပြီးအပ်လိုက်ပါပြီ။

ဒေါ်မူမူသင်း(မဲဆန္ဒရှင်)

တိုင်းပြည်ဟာ သူတစ်ပါးနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အလားအလာတွေရှိပါလျက်နဲ့ ရှေ့မရောက်ဘူးဖြစ်နေတယ်။ ကိုယ်ကျိုးကြည့်တာထက် တိုင်းပြည်မျက်နှာကို ကြည့်မယ့်သူကိုပဲ မဲပေးခဲ့တယ်။ အထူးသဖြင့် နိုင်ငံအတွက် လုပ်ဆောင်နိုင်မယ့်သူကိုပဲ မဲပေးခဲ့တာပါ။ လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည် တယ်။ မဲပေးရတာ အားလုံးအဆင်ပြေတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။ ရွေးကောက်ပွဲပြီးရင် ဝမ်းသာစရာကြားရပြီး တိုင်းပြည်အေးချမ်း ဖွံ့ဖြိုးတိုးတက်မှုကို အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဦးစပယ်တင်(မဲဆန္ဒရှင်တစ်ဦး)

ကျွန်တော်ကတော့ အများပြည်သူ ကောင်းစားရေးအတွက် အကျိုးပြုမယ့် ကိုယ်စားလှယ်ကိုပဲမဲပေးခဲ့ပါတယ်။ တကယ်လည်း လက်တွေ့ကျကျ လုပ်ဆောင်နိုင်တဲ့ ပါတီကိုပဲ မဲပေးဖို့ ညကတည်းက စဉ်းစားထားတာပါ။ အခုမဲပေးရတာလည်း အဆင်ပြေပါတယ်။ အနာဂတ်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူလူထုကို အကျိုးပြုနိုင်မယ့် ကိုယ်စားလှယ်ကိုပဲ ဦးစားပေးပြီး တကယ်တိုင်းပြည်ကို အကျိုးပြုနိုင်မယ့် ပါတီကိုယ်စားလှယ်လောင်းကိုပဲ မဲပေးခဲ့တာပါ။

ဦးစိုးရီ(မဲဆန္ဒရှင်တစ်ဦး)

မိမိတိုင်းပြည်နဲ့ ပြည်သူအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုပဲမဲပေးဖို့ စောစောစီးစီးထလာပြီး မဲရုံမှာ စောင့်ဆိုင်းမဲပေးခဲ့တာပါ။ ဦးလေးတို့ အသက်လည်းကြီးပါပြီ။ အရာရာလည်းဖြတ်သန်းခဲ့ပြီဖြစ်တဲ့အတွက် နိုင်ငံ ကောင်းမွန် ဖွံ့ဖြိုးတိုးတက်တာကို မြင်သွားချင်တယ်။ ဒီတစ်ကြိမ်က အ‌ရေးကြီးတယ်။ ဒါကြောင့် ခေါင်းဆောင် နိုင်မယ့်ပါတီကိုပဲ ကျေကျေနပ်နပ်နဲ့ ဆန္ဒမဲပေးခဲ့တာပါ။ တိုင်းပြည်အတွက် လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည်ပါ တယ်။ မဲ‌ပေးရတာ အားလုံးအဆင်ပြေပါတယ်။

ဒေါ်သင်းသင်းအောင်

ဗိုလ်တထောင်မြို့နယ် မဲရုံအမှတ်(၄)၊ မဲရုံမှူး

ဗိုလ်တထောင်မြို့နယ်မှာ မဲရုံပေါင်း ၂၉ ရုံ ရှိပါတယ်။ ရပ်ကွက်ပေါင်း ၁၂ ခုရှိ ပြီး မဲရုံတွေကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်‌ထားပါတယ်။ ကျွန်မတို့ အခုဖွင့်လှစ်ထားတဲ့ မဲရုံအမှတ်(၃)မှာဆိုရင် မဲဆန္ဒရှင် ၁၈၀၂ ဦး ရှိပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်လည်း ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ပေးထားပါ တယ်။ ကိုယ်တိုင်လာရောက်ခဲ့ရင်လည်း အဆင်ပြေပြေ မဲပေးနိုင်အောင် စလစ်စာရွက်ကို ကြိုတင်ပေးထားပြီးလည်း ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ကိုလည်း မြို့နယ်ကျန်းမာရေးမှူးနဲ့အဖွဲ့က မဲရုံတွေမှာ ဝန်ဆောင်မှုပေးပါတယ်။ မဲရုံကိုလာပြီး ဆန္ဒမဲပေးကြသူအားလုံး အဆင်ပြေချောမွေ့စွာ စိတ်အေးလက်အေးမိမိတို့ရဲ့ဆန္ဒအလိုက် ဆန္ဒမဲပေးနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။

ဦးထိန်လင်း (အုပ်ချုပ်ရေးမှူး)

ဌာနာရပ်ကွက်၊ အလုံမြို့နယ်

ကျွန်တော်တို့ ရပ်ကွက်အနေ့နဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၅၀၀၀ ကျော် ရှိပြီး အလုံမြို့နယ်ခန်းမမှာ မဲရုံသုံးရုံထားရှိပါတယ်။ တစ်ရုံမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၇၀၀ မဲပေးလို့ရပါတယ်။ အဆင်ပြေချောမွေ့အောင် အရန်မီးသတ်တပ်ဖွဲ့ဝင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပရဟိတအသင်းများစသဖြင့် စီမံဆောင် ရွက်ထားရှိပါတယ်။

ဦးဇော်ဦး

သုတေသီ ပြည်တွင်းစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ဝင်

ကျွန်တော်တို့ ရောက်ရှိတဲ့နေရာက အလုံမြို့နယ်မဲရုံဖြစ်ပါတယ်။ ကျွန်တော် တို့ နိုင်ငံက မကြာသေးခင်က ငလျင်ဘေးဒဏ်နဲ့ အခက်အခဲအကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေ များစွာရှိတဲ့ကြားထဲက ဒီနေ့ဆိုရင် ပြည်သူတွေအတော်များများ တစ်ခဲနက်လာရောက်မဲပေးနေတာကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာ အားရမိပါတယ်။ အခု မနက် ၁၀ နာရီ ကျော်မှာပဲ အလုံမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၅ ရာခိုင်နှုန်းလောက်က လာရောက်မဲပေးပြီးတာကို တွေ့ရပါတယ်။ တစ်နေကုန် မဲပေးခြင်းပိတ်သိမ်း ချိန်အထိဆိုရင် မဲပေးသူရာခိုင်နှုန်းက မြင့်မြင့်မားမားရရှိမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။ ပထမဆုံးနေ့ မနက်ပိုင်း မှာပဲ အွန်လိုင်းပေါ်မှာ ပုံရိပ်တွေ တက်လာပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း မျက်မြင်ကိုယ်တွေ့ ပြောနိုင်ပြီဆိုတော့ လူထုကြား၊ မဲဆန္ဒရှင်တွေကြားမှာ စိုးရိမ်သောကတွေ လျော့ပါးပြီး တစ်ခဲနက် လာရောက်ဆန္ဒမဲပြုနိုင်တယ်လို့ ထင်ပါတယ်။ အဓိကအားဖြင့် ကျွန်တော်တို့နိုင်ငံအပေါ်မှာ နိုင်ငံတကာ ပုံရိပ်က တစ်ဖက်သတ် ပြောဆိုစွပ်စွဲနေတဲ့ ကိစ္စအတော်များများကိုလည်း ဒီမြင်ကွင်းတွေ ပုံရိပ်တွေကနေ ချေဖျက်ပေးနိုင်မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် မကြာခင်မှာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံက ရှိသင့်ရှိထိုက်တဲ့ နိုင်ငံတကာမှာ စံချိန်မီတဲ့နိုင်ငံတစ်ခုအနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ သမိုင်းစာမျက်နှာ သစ်ကို တက်လှမ်းနိုင်မယ်လို့ မြင်မိပါတယ်။

အင်တာဗျူး - ငြိမ်းသူ၊ ကျော်ကြီး