Skip to main content

မြိတ်မြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၄

မြိတ်မြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီခွဲတွင် မြိတ်မြို့နယ် တက္ကသိုလ်ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းမပေါ်တွင် မြိတ်မြို့နယ် ကျွဲကူးကျေးရွာနေအောင်ထွန်းမင်း(ခ)ကုလား (၄၉) နှစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ဖမ်းဆီးရမိသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန် ၎င်း၏ နေအိမ်မှစိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၅ သိန်း ထပ်မံသိမ်းဆည်းရမိသဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား ၇ ဒသမ ၇ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံ) ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မြိတ်မြို့ မြိတ်တောင်ရပ်ကွက်နေ အောင်မျိုးလွင်(၄၂) နှစ်ကို ဒီဇင် ဘာ ၃၁ ရက် ည ၁၁ နာရီခွဲတွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိစိတ်ကြွရူးသွပ် ဆေးပြားများအား ပုလောမြို့နေ ကျော်စွာစိုး(ခ) ကုလား (ဖမ်းဆီး ရန်ကျန်) မှ မြိတ်မြို့ အဝေးပြေးကားဝင်းအဟောင်းသို့ လာရောက် ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်