မြန်မာနိုင်ငံကို နယ်ချဲ့တို့ အပြီးအပိုင်သိမ်းခဲ့သည့် အချိန်အခါကို စာပေတို့က မြန်မာ့ဦးစွန်းအနောက်သို့ ယွန်းချိန်ဟု ဖွဲ့ဆိုမှတ်တမ်းတင်သည်။ နယ်ချဲ့တို့က မြန်မာဘုရင်နှင့် မိဖုရားကို ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟုလည်း ရေးသားခဲ့ကြသည်။ နိုင်ငံ၏ အထွတ်အထိပ်ရေမြေ့ရှင် ဘုရင်တစ်ပါးကို ဤမျှ အလွယ်တကူ ဖမ်းယူနိုင်ခဲ့ခြင်းမှာ မြန်မာတို့ စည်းလုံးညီညွတ်မှုပျက်ပြားနေခြင်းနှင့် ယင်းအခြေအနေကို နန်းတော်အတွင်းစည်းအထိ ရောက်ရှိနေသည့် သူလျှိုဒလန်များမှတစ်ဆင့် နယ်ချဲ့တို့က သတင်းများ အဆက်မပြတ်ရရှိနေခဲ့ခြင်းတို့ကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာစောင့်သိမှုပျက်ပြားကာ နယ်ချဲ့ကို ခယဝပ်တွားခဲ့ကြသည့် မြန်မာလူမျိုးအချို့တို့ကိုပါ မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရသည့် မျိုးချစ်စာဆိုတော်ကြီး အချုပ်တန်းဆရာဖေက “မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီးကွန်းထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး၊ မိပစ်လို့ ဖရှောင်သွေသည်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။” ဟူ၍ စိတ်နာနာနှင့် စပ်ဆိုသည်။ အချင်းချင်းတွင် မိုက်ဂုဏ်ပြနေသူတို့က နယ်ချဲ့သမားတို့လာသည်ကို မြင်သည်နှင့် ပြေးကြပုန်းရှောင်ကြသည်။ ပုလိပ်ဆာဂျင်အဆင့်မျှကိုပင်လျှင် ဒူးထောက်ခစားကာ ခွေးတစ်ကောင်ပမာပလူးကြ၊ ပြေးကြိုကြနှင့်မို့ တွေးမိတိုင်း အရိုးထဲထိအောင်နာပြီး ကိုယ့်အမျိုးကိုပါ ဆဲချင်သည်ဟုလည်း ရေးဖွဲ့ခဲ့သည်။ အချုပ်တန်းဆရာဖေက ၎င်းတွေ့ကြုံရသည့် အသိုင်းအဝိုင်းမှ စည်းကမ်းဖောက်ဖျက်သစ္စာမဲ့သည့် မြန်မာများကို ရှုတ်ချရေးသားစပ်ဆိုခဲ့ခြင်းဖြစ်သော်လည်း မျိုးချစ်မြန်မာတို့က မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် နယ်ချဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့ကြရာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့သည်။
မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းပိုက်နိုင်ရန်နှင့် ယင်းသို့ သိမ်းပိုက်ခြင်းသည် တရားမျှတသည်ဟု ကမ္ဘာကရှုမြင်စေရန်အတွက် နယ်ချဲ့လက်အောက်ခံမီဒီယာများဖြစ်သော ထိုခေတ်သတင်းစာများက မြန်မာဘုရင်၏ ဆိုးသွမ်းမှု၊ ရက်စက် ကြမ်းကြုတ်မှု စသည်တို့ကို မဟုတ်မမှန်ရေးသားဝါဒဖြန့်ခဲ့ကြသည်။ မြန်မာတို့၏ အားနည်းချက်မှာ ပြောင်းလဲလာသည့် ကမ္ဘာကို ကမ္ဘာကြည့်ကြည့်မြင်နိုင်မှုမရှိခြင်း၊ နိုင်ငံကို ကာကွယ်နိုင်ရန် လုံလောက်သည့် ကာကွယ်ရေးစွမ်းအားကို တည်ဆောက်မှုမရှိခဲ့ခြင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှု အားနည်းလျော့ရဲနေခြင်း၊ နယ်ချဲ့တို့၏ ပရိယာယ်ကို နားမလည်ခဲ့ခြင်း စသည်ဖြင့် သင်ခန်းစာယူဖွယ်တို့ အများအပြားရှိနေသည်။
လတ်တလော ကမ္ဘာ့ရေးရာကို ကြည့်လျှင်လည်း အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ဗိုလ်ကျမှုတို့ကို ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။ ၁၉ရာစုအတွင်းက မြန်မာနိုင်ငံကို နယ်ချဲ့တို့ အလွယ်တကူဝင်ရောက်သိမ်းပိုက်ခဲ့သလို၊ ဘုရင်နှင့် မိဖုရားကို ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဖမ်းဆီးခဲ့ပုံမျိုးပင်ပြည်တွင်းမှ သစ္စာဖောက်ကို ငွေပေး၍မွေးမြူပြီး နိုင်ငံအတွင်း အလွယ်တကူ ကျူးကျော်ဝင်ရောက်နိုင်ခဲ့သည်ကိုလည်း သင်ခန်းစာအဖြစ် ရှုမြင်နိုင်သည်။ ပြည်တွင်းလောက်ကောင်တို့၏ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာမဲ့မှုက နိုင်ငံသူတစ်ပါးလက်အောက် ကျရောက်ရခြင်းနှင့် မိမိတို့ပိုင်သဘာဝသယံဇာတများကို သူတစ်ပါးက ဝင်ရောက်ခြယ်လှယ်အမြတ်ထုတ်ခံရခြင်းတို့နှင့် ရင်ဆိုင်ရမည့်အခြေအနေသို့ ကျရောက်ဖွယ်ရှိနေသည်။
တရုတ်နိုင်ငံရှိ မဟာတံတိုင်းကြီးမှာ လူတို့ပြုလုပ်သည့် အံ့သြဖွယ်ရာများအနက် တစ်ခုအပါအဝင်အဖြစ် ကမ္ဘာကျော်သည်။ ပြင်ပမှရန်သူတို့ကို ကာကွယ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရာစုနှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ခဲ့ရသည့် မဟာတံတိုင်းကြီးမှာ လက်တွေ့တွင် ရန်သူ၏ အကြိမ်ကြိမ် ကျူးကျော်မှုကို ခံခဲ့ရသည်။ ယင်းသို့ ကျူးကျော်ခံခဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ အတွင်းလူကဖွင့်ပေးခြင်းနှင့် အချို့နေရာများတွင် တံတိုင်း၏ အားနည်းချက်ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု မှတ်သားရဖူးသည်။ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်ကြသူတို့ရရှိကြသည်မှာ ၎င်းတို့ တစ်ကိုယ်စာအခွင့်အရေးအနည်းငယ်မျှသာဖြစ်သည်။ ဤမျှသော အခွင့်အရေးအတွက် လောဘရမ္မက်ကြီးစွာဖြင့် နိုင်ငံကို ရောင်းစားလိုသူတို့မှာမူ ခေတ်တိုင်းတွင် ရှိနေကြသည်ကို သတိမူကြရန်လိုသည်။
နိုင်ငံတစ်နိုင်ငံ၏ အဓိကအင်အားသည် စည်းလုံးညီညွတ်မှုပင်ဖြစ်ရာ နိုင်ငံသူနိုင်ငံသားတို့၏ ရေပက်မဝင်စည်းလုံးညီညွတ်သော အင်အားဖြင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်၍ ရန်အသွယ်သွယ်မှ ကာကွယ်စောင့်ရှောက်ကာ နိုင်ငံအပေါ် ထာဝရသစ္စာစောင့်သိကြရပါမည့်အကြောင်း။ ။
