ခြောက်သွေ့ရာသီစတင်သည့် နိုဝင်ဘာလမှစ၍ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့မှာ တောင်ယာမီး၊ တောမီးတို့အပါအဝင် မီးလောင်မှုများကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပွားသည့်ကာလများဖြစ်သည်။ လူ၊ အပင်နှင့် သက်ရှိသတ္တဝါများကို အန္တရာယ်ဖြစ်စေနိုင်သည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် တစ်နေရာမှ တစ်နေရာသို့၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ လေနှင့်အတူ အလွယ်တကူ ပျံ့နှံ့ရောက်ရှိစေနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။
မီးခိုးမြူငွေ့ဆိုသည်မှာ မီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာပြီး လေထုအတွင်း ဖုန်အမှုန်များ၊ ရေခိုးရေငွေ့များ၊ အမှုန်အမွှားများ၊ အငွေ့ပြန်နိုင်သည့်အရာများ၊ ဓာတ်ငွေ့များ ရောနှောဖြစ်ပေါ် နေခြင်းဖြစ်သည်။ မီးခိုးမြူငွေ့ထဲတွင် လူ့သွေးကြောထဲထိ ရောက်ရှိနိုင်အောင် လွန်စွာသေးငယ်သည့် အမှုန်အမွှားများ Particulate Matter ( PM 2.5, PM10 )၊ ကာဗွန်ဒိုင်အောက်ဆိုက် (CO2)၊ ကာဗွန်မိုနောက်ဆိုက် (CO)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (NO2)၊ ဆာလ်ဖာဒိုင်အောက်ဆိုက် (SO2)၊ မြေပြင်အနီးရှိ အိုဇုန်း (Ground Level O3)နှင့် အခြားအဆိပ်ဓာတ်ငွေ့များ ပါဝင်နေသည်။ မီးခိုးမြူငွေ့သည် တောင်ယာစိုက်ပျိုးရန် တောခုတ်ရှင်းလင်းပြီး မီးရှို့ခြင်း၊ လယ်မြေများတွင် ကောက်ရိုးများ၊ ရိုးပြတ်များ မီးရှို့ခြင်း၊ ယာမြေများတွင် မြေသြဇာရရန် ရည်ရွယ် ၍ နှမ်းရိုး၊ ပြောင်းရိုးများ၊ အပင်ဟောင်းများ စုပုံမီးရှို့ခြင်း၊ ယာဉ်များ၊ ယန္တရားများ မောင်းနှင်ခြင်း၊ စက်ရုံအလုပ်ရုံများတွင် လောင်စာများ သုံးစွဲခြင်း၊ နေအိမ်များတွင် ထင်း၊ မီးသွေးတို့ အသုံးပြုချက်ပြုတ်ခြင်း၊ အမှိုက်များမီးရှို့ခြင်းတို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
မီးခိုးမြူငွေ့သည် လေထုကို ညစ်ညမ်းစေသည့်အပြင် ရာသီဥတုပြောင်းလဲမှုအပေါ်တွင်လည်း တိုက်ရိုက်အကျိုး သက်ရောက်မှုဖြစ်စေသည်။ မီးခိုးမြူငွေ့တွင်ပါဝင်သည့် အမှုန်အမွှားများသည် ဆံခြည်မျှင်ပမာဏထက် များစွာသေးငယ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ရောဂါအများအပြား ဖြစ်စေနိုင်သည်။ မီးခိုးမြူငွေ့ကျရောက်မှုကို အချိန်ကြာမြင့်စွာ ခံစားရပါက အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ပန်းနာရင်ကျပ် ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသည်းကင်ဆာနှင့် ကင်ဆာရောဂါများ၊ အာရုံကြောထိခိုက်စေခြင်း၊ ဉာဏ်ရည် ချို့ယွင်းစေခြင်း၊ မျက်စိကျိန်းစပ် မျက်ရည်ယိုခြင်း၊ အရေပြား ယားယံခြင်း၊ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ အသက်သေဆုံးခြင်းတို့အထိ ဖြစ်ပေါ်စေနိုင်သည်။ မီးခိုးမြူငွေ့ညစ်ညမ်းခြင်းသည် အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့နေရသော ပြဿနာဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ဖြစ်ပွားလေ့ရှိသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာကို ကာကွယ်နိုင်ရန် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများအချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အာဆီယံဒေသတွင်းနိုင်ငံများတွင် ဖြစ်ပေါ်သည့် မီးလောင် ကျွမ်းမှုဖြစ်စဉ်များနှင့် မီးခိုးမြူငွေ့များကို ASEAN Specialised Meterological Centre (ASMC) အဖွဲ့အစည်းကစောင့်ကြည့်ပြီး သတင်းများ ပုံမှန်ထုတ်ပြန်ပေးလျက်ရှိသည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်များသည် သစ်တောများ၊ လယ်ယာမြေများ၊ မြို့ရွာလူနေဒေသများတွင် ဖြစ်ပေါ်လျက်ရှိရာ မီးလောင်မှု၊ မီးရှို့မှုတို့ကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်ခြင်းများ လျော့ကျစေရန် သက်ဆိုင်ရာဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၃ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တောမီးအပါအဝင် မီးလောင်ကျွမ်းမှုအမျိုးမျိုးတို့မှ ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်လျှော့ချခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည့် မီးလောင်ကျွမ်းမှုများ လျှော့ချနိုင်ရန် တောမီး၊ တောင်ယာမီး၊ ရိုးပြတ်မီး၊ အမှိုက်မီးတို့အပါအဝင် မီးရှို့ခြင်းများကို ရှောင်ကြဉ်ကာ မီးခိုးမြူငွေ့ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကူညီကြရပါမည့်အကြောင်း။ ။
