Skip to main content

အဲဒီအချိန် မြန်မာ့အသံမှာ တိုင်းရင်းသားဘာသာအစီအစဉ်နဲ့ နယ်ခြားဒေသလူမျိုးစုအစီအစဉ်ဆိုပြီး နှစ်ခုကို ခွဲထားပါတယ်။ ဘင်္ဂါလီဆိုတဲ့ ရိုဟင်ဂျာအသံလွှင့်အစီအစဉ်က တိုင်းရင်းသားမဟုတ်တဲ့အတွက်ကြောင့် အဲဒီအချိန်ကတည်းကိုက နယ်ခြားဒေသလူမျိုးစုအစီအစဉ်ဆိုပြီး ထည့်သွင်းထားတာကို ၁၉၆၁ ခုနှစ် နေ့စဉ်ထုတ်သတင်းစာတွေမှာ လေ့လာတွေ့ရှိခဲ့ရပါတယ်- ဒေါက်တာ ဆင့်ဆင့်မြတ်

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်ပြီး ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါကြားနာပွဲနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီး မောင်မောင်ငြိမ်း (ငြိမ်း) နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာဆင့်ဆင့်မြတ်တို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်-

ဗိုလ်မှူးကြီး မောင်မောင်ငြိမ်း(ငြိမ်း)

(ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ)

ကျွန်တော်က ၁၉၉၃ ခုနှစ်မှာ ဘူးသီးတောင်မြို့မှာရှိတဲ့ တပ်ရင်းတစ်ရင်းကို တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော် ၃ နှစ်လောက်ကြာပါတယ်။ အဲဒီတုန်းကတော့ နစကစပြီး ဖွဲ့စည်းကာစပါ။ ကျွန်တော်တို့တပ်ပတ်ဝန်းကျင်မှာလည်း ဘင်္ဂါလီကျေးရွာတွေ အများကြီးရှိတယ်။ အဲဒီတုန်းက ဘင်္ဂါလီတွေနဲ့လည်း ကျွန်တော်တို့ တော်တော်လေး ခင်ခင်မင်မင်နဲ့ နစကရဲ့လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ခဲ့ တာရှိပါတယ်။

၂၀၁၇ ခုနှစ်မှာ ရခိုင်ဒေသမှာ ဒီဖြစ်စဉ်ဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့နေတုန်းက ရခိုင်ဒေသမှာ ဘင်္ဂါလီတွေက ဒီလိုသဘောမဟုတ်ဘူး။ ဘာကြောင့် ဒီကိစ္စ​တွေ ဖြစ်လာသလဲ။ ဒါကို မခံစားနိုင်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်ပဲ ၂၀၁၈ မှာ ဘူးသီးတောင်- မောင်တောဒေသကိုသွားပြီး ဘူးသီးတောင် - မောင်တောဒေသ၊ ရသေ့တောင်ဒေသ၊ တောင်ပိုင်းကနေ မြောက်ပိုင်းအထိ တောက်လျှောက်သွားပြီး ဖြစ်စဉ်ဖြစ်ခဲ့တဲ့နေရာတွေမှာ ဖြစ်စဉ်ကို ခံစားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ဘင်္ဂါလီတွေ၊ အဲဒီဒေသမှာရှိတဲ့ မော်လဝီဆရာတွေ၊ ဘုန်းတော်ကြီးတွေကို မေးမြန်းပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီအင်တာ ဗျူးမှတ်တမ်းတွေ အကုန်ရှိပါတယ်။ နောက်တစ်ခါ အဲဒီမှာ ဖြစ်စဉ်အကြီးကြီးတစ်ခု၊ အဲဒါက ရဲဘောက်ကျကျေးရွာမှာ ဘင်္ဂါလီတွေဝင်တဲ့အချိန် ရွာလုံးကျွတ် လူ ၁၄၄ ယောက်ကို ဘင်္ဂါလီတွေ သတ်လိုက်တာရှိတယ်။ အဲဒီမှာ ကောင်မလေး ခုနစ်ယောက်ကို သူတို့က ခေါ်သွားတယ်။ ရည်ရွယ်ချက်က ဟိုဘက်ကမ်းကိုရောက်ရင် ဒီကောင်မလေးခုနစ်ယောက်နဲ့ သက်သေပြမယ်။ သတ်လိုက်တာတွေဟာ တပ်မတော်က သတ်တာ၊ တပ်မတော်က လိုက်သတ်လို့ သူတို့လည်း ထွက်ပြေးလွတ်မြောက်လာတာပါဆိုတဲ့ သဘောမျိုးနဲ့ ဒီလိုအကွက်ဆင်ပြီးလုပ်တဲ့ ဖြစ်စဉ် တစ်ခုပါပဲ။ ကံအားလျော်စွာပဲ ဒီကောင်မလေးတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်း ကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ အဲဒီကောင်မလေးတွေကို လူချင်းတွေ့ဆုံပြီး ကျွန်တော် အင်တာဗျူးလုပ်ခဲ့ပါတယ်။ လုပ်တဲ့အခါ ဖြစ်စဉ်အမှန်ကို သွားပြီးတွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်မှတ်တမ်းတင်နိုင်အောင် စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကပြောမယ်ဆိုရင် သုတေသနစာတမ်းလေးတစ်ခုပါပဲ။ စာအုပ်နာမည်က ဂုဏ်သိက္ခာရှိစွာဖြင့် ပြောင်းရွှေ့ဝင်ရောက်ရန် ကြိုးစားနေတဲ့ ဘင်္ဂါလီဖြစ်ပါတယ်။ ဒီစာအုပ်ခေါင်းစဉ်ကို ကျွန်တော်တပ်လိုက်တာသည် Displacement with Dignity ပါ။ အဲဒါက စာတမ်းတစ်ခုကို ကျွန်တော်ဖတ်မိတယ်။ အဲဒါတော့ ဩစတြေးလျမှာရှိတဲ့ ဥပဒေပညာရှင်နှစ်ယောက်က ရာသီဥတုဖောက်ပြန်မှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ လူတွေက ဂုဏ်သိက္ခာရှိစွာနဲ့ ပတ်ဝန်းကျင်နိုင်ငံကို ပြောင်းရွှေ့ဝင်ရောက်ရန် အကြံအစည်ရှိတယ်ဆိုတာကို ဒီသုတေသနစာတမ်းမှာ သွားတွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ စာအုပ်ခေါင်းစဉ်လည်း အဲဒီခေါင်းစဉ်လေး ပေးလိုက်ပါတယ်။

အဓိကကတော့ သူတို့က ကြိုတင်ကြံရွယ်ချက်နဲ့ ဒီလုပ်ငန်းကြီးကို အကောင်အထည်ဖော်တဲ့သဘောမျိုးကို ကျွန်တော်ဖော်ညွှန်းခြင်းဖြစ်ပါတယ်။ ရဲဘောက်ကျကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဖြစ်ရပ်မှန်မှတ်တမ်းတင်ဗီဒီယိုခွေလည်း ထုတ်ဝေခဲ့ပါတယ်။ ဒီလိုနေရင်းနဲ့ နောက်တော့ ကျွန်တော် ဘာသွားတွေ့သလဲဆိုတော့ ဒီဖြစ်စဉ်မဖြစ်ခင်မှာ တပ်ကနေ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် သူတို့ရဲ့ ဘင်္ဂါလီစခန်းမှာ laptop တစ်လုံးသွားတွေ့တယ်။ အဲဒီ laptop ထဲမှာ မှတ်တမ်းတွေ အများကြီးတွေ့တယ်။ ဒီဘင်္ဂါလီတွေက ဒီဖြစ်စဉ်မဖြစ်ခင် နှစ်နှစ်၊ သုံးနှစ်ကတည်းက ကြိုတင်ပြီး ဆော်ဒီမှာ စစ်ရေးလေ့ကျင့်တာတွေ သွားတွေ့တယ်။ နောက်တစ်ခါ ဘူးသီးတောင် - မောင်တောဒေသမှာပဲ မေယုတောင်တန်းမှာ လိုဏ်ဂူတွေဖောက်ပြီး လိုဏ်ဂူထဲမှာ လေ့ကျင့်တာတွေ သွားတွေ့ရတယ်။ ဒီလိုတွေ့တဲ့အခါမှာ ဒါဟာ ရှင်းနေတာပဲ။ သူတို့ ဒါကိုကြိုတင်ကြံရွယ်ချက်နဲ့ လုပ်သွားတာ။ အဲဒီမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ UNHCR ကနေ ကျွန်တော်တို့ကို Fact Finding Mission ပေါ့။ အချက်အလက်ရှာဖွေရေးအဖွဲ့ဆိုပြီး ဖွဲ့လိုက်တာရှိတယ်။ အဲဒီအစီရင်ခံစာကို ဖတ်ကြည့်လိုက်တဲ့အခါ ဒီအစီရင်ခံစာထဲမှာ တကယ့် ဖြစ်ရပ်မှန်တွေရေးထားတာမဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ မဟုတ်ဘဲနဲ့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေကို မေးပြီးတော့ရေးတာ။ တကယ့်လက်တွေ့နဲ့ ပြောင်းပြန်ပဲ။ အဲဒီမှာ တပ်မတော်ကနေပြီးတော့ ဘင်္ဂါလီအင်အား ၁၀၀၀၀ လောက်သတ်လိုက်တယ် အစရှိသဖြင့် အများကြီး ပုံကြီးချဲ့ရေးထားတာလေ။ အထောက်အထားခိုင်မာမှုမရှိဘဲနဲ့ သူတို့ဆီမှာ ပြစရာရယ်လို့ ဓာတ်ပုံတစ်ပုံမရှိဘူး။ ဒီခေတ်ကြီးမှာပါ။ လူတိုင်းတယ်လီဖုန်းကိုင်နေတဲ့ အချိန်မှာပါ။ နောက်တစ်ခါ ဗီဒီယိုဖိုင်လေးတစ်ဖိုင်မရှိဘူး။

တစ်ဖက်က နှုတ်နဲ့ထွက်ဆိုချက်ကိုပဲ ယူပြီးတော့‌ ရေးထားတဲ့ FFM report ကြီး သွားတွေ့ရတယ်။ အဲဒီ report ကြီးနဲ့ OIC ကနေပြီး ဂမ်ဘီယာကို ခေါင်းတပ်ပြီးတော့မှ ကျွန်တော်တို့ကို ICJ မှာ ရုံးတင်တာပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံကို ဖိလစ်ပိုင်နိုင်ငံက ဒုတိယဝန်ကြီးတစ်ယောက် ဦးစီး ပြီးတော့ အဖြစ်မှန်ကို လာကြည့်တဲ့ ICOE က လာစစ်ပါတယ်။ စစ်တဲ့အခါမှာလည်း ဖြစ်ရပ်မှန်ကို သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်ခဲ့ပါတယ်။ နိုင်ငံ တကာမီဒီယာတွေကရေးတာတော့ အများကြီးဖြစ်နေတယ်။ ကျွန်တော်လည်း မနေနိုင်တော့ ထိုင်းနိုင်ငံကိုသွားပြီး ထိုင်းနိုင်ငံမှာရှိတဲ့ သတင်းအဖွဲ့တွေနဲ့ သတင်းစာရှင်းလင်းပွဲ ကျွန်တော်လုပ်တယ်။ ဖြစ်ရပ်မှန်တွေပြပြီးတော့ လုပ်ပါတယ်။ ထိုင်းက သူ့နိုင်ငံပိုင်အသံလွှင့်ဌာနကလည်း ဒီကိစ္စကို စိတ်ဝင်စားတဲ့အတွက် ကျွန်တော့်ကို အင်တာဗျူးလုပ်တယ်။ အင်တာဗျူးမှတ်တမ်းလေးလည်း ထွက်လာပါတယ်။ တကယ်လက်တွေ့ ဖြစ်နေတာကတစ်မျိုး ပြောတာ ကတစ်မျိုး။ အဲဒါမျိုးလေးတွေ သွားတွေ့ရပါတယ်။

နောက်တစ်ခါ ဘာဖြစ်သလဲဆိုတော့ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဆီးရီးယားလူမျိုး၊ အဲဒီသတင်းအဖွဲ့၊ သူ့ရဲ့သတင်းဌာနကို ဟိုဘက်က တော်တော်လေးကို လေးစားတဲ့ဌာနပါပဲ။ သူလည်း ရန်ကုန်ကို ရောက်လာတယ်။ ရန်ကုန်ရောက်လာပြီးတော့ သူ့ကို ဖြစ်စဉ်အားလုံးရှင်းပြတယ်။ ကောင်းပြီ၊ ခင်ဗျားကိုယ်တိုင်ကလည်း အစ္စလာမ်လူမျိုးဖြစ်တယ်။ ခင်ဗျားဖြစ်စဉ်အမှန်သွားကြည့်ပါ။ ကြိုတင်ပြောထားခြင်းမရှိဘဲ သွားကြည့်ပါ။ ဘာကိုကြည့်ရမလဲ။ ဗလီကို သွားကြည့်လိုက်၊ ဈေးကိုသွားကြည့်လိုက်၊ မောင်တောဈေးမှာ ရခိုင်တိုင်းရင်းသားတွေ ဘယ်နှယောက်ရောင်းနေသလဲဆိုတာ။ ရခိုင်တိုင်းရင်းသားမရှိဘူး။ အကုန်လုံး ဘင်္ဂါလီတွေချည်းပဲ။ နောက်တစ်ခါလယ်တွေလုပ်နေတဲ့ ဘင်္ဂါလီတွေကို မေးကြည့်။ စာသင်ကျောင်းတွေ သွားကြည့်၊ အဲဒီမှာ ခင်ဗျားတွေ့ပါလိမ့်မယ်လို့ ပြောခဲ့တယ်။ သူပြန်လာတဲ့အခါမှာ ကျွန်တော့်ကို ဘာပြောသလဲဆိုတော့ သူထင်ထားတာနဲ့ တလွဲစီပဲတဲ့။ ရခိုင်ဒေသသွားရင်ပဲ လုံခြုံရေးမကောင်းဘူးဆိုပြီး ဟိုမှာ အေးအေးဆေးဆေးပဲ။ အေးအေးဆေးဆေးနေကြပြီးတော့ ဗလီတက်နေတဲ့သူလည်းတွေ့တယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်းတွေ့တယ်။ သူကိုယ်တိုင်လည်း အစ္စလာမ်လူမျိုးဆိုတော့လေ။ ဘင်္ဂါလီလူမျိုးတွေက လွတ်လွတ်လပ်လပ် နေထိုင်လုပ်ပိုင်ခွင့်ရှိတာကို သူမျက်ဝါးထင်ထင်တွေ့ခဲ့တယ်။ အဲဒါလည်း သူ့သတင်းဌာနကနေပြီးတော့ နိုင်ငံတကာကို ဖြန့်ဖို့ ဗီဒီယိုခွေလေးတစ်ခွေ ထွက်လာပါတယ်။

အဓိက ကျွန်တော်ပြောချင်တဲ့စကားက ဒီဘင်္ဂါလီတွေဟာ တကယ်တမ်းတော့ ကျွန်တော်တို့နိုင်ငံသားမဟုတ်ဘူး။ သူ့မှာ နိုင်ငံသားပြနိုင်တဲ့ အထောက်အထားတစ်ခုမှ မရှိဘူး။ မရှိတော့ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ ဒီဘင်္ဂါလီလူမျိုးတွေကို ကျွန်တော်တို့မြန်မာနိုင်ငံက ပညာသင်ကြားခွင့်ပေးတယ်၊ အသက်မွေးဝမ်း​ကျောင်းလုပ်ခွင့်ပေးတယ်၊ ဆေးကုသခွင့်ပေးတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံသားကဲ့သို့ပဲ ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူတွေကို ကျွန်တော်တို့ နိုင်ငံတော်အစိုးရက အဲဒီလိုပေးခဲ့တဲ့ အထောက်အထားတွေ သူတွေ့သွားပါတယ်။ အဓိကခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် ဒီဘင်္ဂါလီဖြစ်စဉ်ဟာ သူတို့အနေနဲ့ ကြိုတင်ကြံရွယ်ပြီးတော့ အကွက်ချပြီး လုပ်သွားတဲ့ ဖြစ်စဉ်ပဲ။

အဓိကကတော့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကို နိုင်ငံရေးထောင်ချောက်ထဲကို ထည့်ပြီးတော့ နောက်ဆုံး ကိုယ့်နိုင်ငံသားမဟုတ်တဲ့ ဒီဘင်္ဂါလီတွေကို ကျွန်တော်တို့ ပြန်လက်ခံရတယ်။ အဲဒီတော့ ကျွန်တော်တို့လဝကမှာ စာရင်းပြန်ကြည့်တဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံမှာ ဘင်္ဂါလီတွေစာရင်းက အတိအကျရှိတယ်။ အကုန်လုံးကို မှတ်တမ်းအတိအကျရှိတယ်။ ဓာတ်ပုံမှတ်တမ်းတွေလည်းရှိတယ်။ လက်ဗွေမှတ်တမ်းတွေလည်းရှိတယ်။ ကိုယ့်နိုင်ငံ မှာနေတဲ့ဟာတွေက ဒီကနေ ဘယ်လောက်ဘင်္ဂလားဒေ့ရှ်ကို ပြေးသွားသလဲဆိုရင် လူဦးရေ ၄ သိန်း လောက်ပြေးသွားတယ်။ အခုလက်ရှိ ရခိုင်ဒေသမှာ ကျန်နေတာ လူဦးရေ ၄ သိန်းကျော်ကျော်လောက် ကျန်သေးတယ်။ တစ်ဝက်ကျော်ကျော်လောက် ပြေးသွားတာ။ ဒါပေမယ့် ကူတူပါလောင် ဒုက္ခသည် စခန်းမှာ ဘင်္ဂါလီဦးရေက ၁ သန်းခွဲလောက်ဖြစ်နေတယ်။ ဘယ်ကလူတွေရောက်လာသလဲမသိဘူး။ ဆိုလိုတာက များပြားလှတဲ့ ဘင်္ဂါလီတွေက ဒီနိုင်ငံကို ပြန်ဝင်လာတယ်။ သို့သော်လည်း ကျွန်တော်တို့မှာကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ချုပ်ဆိုထားတဲ့ ပြန်လည်လက်ခံရေး စာချုပ်ကရှိတယ်။ အဲဒီစာချုပ်အရတော့ ဒီနိုင်ငံက အမှန်တကယ်ပြေးတဲ့သူတွေပဲ ကျွန်တော်တို့ ပြန်လက်ခံမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ရပ်တည်ချက်ကတော့ မြန်မာနိုင်ငံကနေပြီးတော့ ဒီမှာနေထိုင်ပြီး တစ်ဖက်ပြေးသွားတဲ့အထောက်အထား သူတို့ပြနိုင်ရမယ်။ ပြနိုင်တဲ့လူတွေပဲ ကျွန်တော်တို့ ပြန်လက်ခံမယ်။ အဲဒီနေရာမှာ သူတို့က အားလုံးကို မျက်စိမှိတ်ပြီး လက်ခံစေပြီးတော့မှ နိုင်ငံ သားပေးရမယ်ဆိုတဲ့ သဘောမျိုး တောင်းဆိုနေတာ လေ့လာတွေ့ရှိရပါတယ်။

အဲဒီဘင်္ဂါလီဒေသမှာ မြန်မာနိုင်ငံ အနောက်ဘက်တံခါးပြဿနာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ အထောက်အထားခိုင်မာမှုမရှိဘူး။ ပါးစပ်ပြော အထောက်အထားတွေနဲ့ပဲ ICJ မှာ တရားရင်ဆိုင်ရတဲ့ အနေအထား ဖြစ်နေပါတယ်။ တကယ်တမ်း တရားနည်းလမ်းတကျ ကြည့်မယ်ဆိုရင် တရားမျှတမှုမရှိဘူးဆိုတာ လေ့လာတွေ့ရှိရပါတယ်။

ဒေါက်တာဆင့်ဆင့်မြတ် (တွဲဖက်ပါမောက္ခ)

နိုင်ငံတကာဆက်ဆံရေးပညာဌာန

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)

ကျွန်မအနေနဲ့ ဒီနေ့မှာ ၁၉၆၁ ခုနှစ် မူဂျာဟစ်လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ချအခမ်းအနားမှာ ဗိုလ်မှူးချုပ်အောင်ကြီး မိန့်ခွန်းပြောသွားတဲ့အထဲမှာပါဝင်တဲ့ ရိုဟင်ဂျာဆိုတဲ့စကားလုံးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ ကျွန်မဆွေးနွေးချင်တာက ဗိုလ်မှူးချုပ်အောင်ကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးတဲ့အခါမှာ မူဂျာဟစ်လက်နက်ကိုင်အဖွဲ့တွေကနေ သူတို့တွေကို ဘင်္ဂါလီလို့မသုံးဘဲနဲ့ ရိုဟင်ဂျာလို့ပဲ သုံးပေးပါလို့ တောင်းဆိုတဲ့အခါမှာ အစိုးရရဲ့ အာဏာသက်ရောက်စေဖို့အတွက် လိုက်လျောတဲ့သဘောအနေနဲ့ ဗိုလ်မှူးချုပ် အောင်ကြီးက ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြု ခဲ့ခြင်းဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ အဲဒီလိုသုံးတဲ့အခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးအနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေမှာရှိတဲ့ ဘင်္ဂါလီတွေနဲ့ အခုမူဂျာဟစ်တွေ တောင်းဆိုတဲ့ ရိုဟင်ဂျာဆိုတာက မတူပါဘူးဆိုတဲ့ စကားလုံးကို လုံးဝသုံးသွားခြင်း မရှိပါဘူး။

တတိယအချက်အနေနဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာဆိုရင် ဟိုဘက်သည်ဘက်မှာ တိုင်းရင်းသားလူမျိုးစုတွေက နေထိုင်ကြပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ နေရာတွေမှာဆိုရင် လီဆူး၊ အီကော၊ လဝဆိုတဲ့ လူမျိုးတွေ နေထိုင်ကြသလိုပဲ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်မှာဆိုရင် တိုင်၊ မွန်၊ ကယန်းလူမျိုးတွေ နေထိုင်ကြတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံနဲ့ အရင်ကခေါ်တဲ့ မေယုနယ်ခြား၊ အခုကျတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတင်ပဲ ဘင်္ဂါလီလူမျိုးတွေက ဟိုဘက်သည်ဘက် နေထိုင်ကြတာမျိုး မဟုတ်ပါဘူး။ အရင့် အရင်ကတည်းက တခြားသော ကျွန်မတို့ တရုတ်နဲ့ မြန်မာနယ်စပ်မှာ၊ တရုတ်နဲ့ ထိုင်းနယ်စပ်မှာ လူမျိုးစုတွေ နေထိုင်ကြတာရှိပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ ရှမ်းလို့သိထားပြီး တရုတ်မှာဆိုရင် တိုင်လူမျိုးစုလို့ သိထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာမှာလည်း ဘင်္ဂါလီလူမျိုးစုတွေ နေထိုင်ပြီးတော့ မြန်မာဘက်မှာတော့ ရိုဟင်ဂျာဆိုပြီး တော့ သုံးနှုန်းလိုက်ခြင်းဖြစ်ပါတယ်။ အဲဒါကလည်း ဗိုလ်မှူးချုပ်အောင်ကြီးရဲ့မိန့်ခွန်းမှာ သူရဲ့ဆိုလိုရင်း အဓိပ္ပာယ်က ဟိုဘက် ဒီဘက်မှာ နေထိုင်ကြတဲ့လူမျိုး တွေဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြောသွားခြင်း ဖြစ်တယ်လို့ ကျွန်မလေ့လာတွေ့ရှိရပါတယ်။

တစ်ဆက်တည်းမှာပဲ ဗိုလ်မှူးချုပ်အောင်ကြီး မိန့်ခွန်းနဲ့ပတ်သက်ပြီး ဒီရိုဟင်ဂျာဆိုတဲ့ စကားလုံးအသုံးအနှုန်းက မြန်မာ့အသံ၊ အသံလွှင့်ဌာနရဲ့ ရိုဟင်ဂျာအစီအစဉ်နဲ့ပတ်သက်ပြီးတော့ တွေ့ရှိထား တဲ့ အချက်အလက်တွေကို ဆွေးနွေးချင်တာပါ။ ပထမဦးဆုံးပြောရမယ်ဆိုရင် ရိုဟင်ဂျာအသံလွှင့် အစီအစဉ်ဆိုတာ ဖြစ်လာတဲ့အကြောင်းအရာကို ပြောချင်တာပါ။ ဒုတိယကမ္ဘာစစ်ကတည်းက နိုင်ငံခြားလူမျိုးစုနဲ့ပတ်သက်တဲ့ အစီအစဉ်တွေက မြန်မာပြည်မှာ ထုတ်လွှင့်နေပါပြီ။ ဥပမာပြောရရင် တမီလ်ဘာသာစကားနဲ့ပတ်သက်တဲ့ အသံလွှင့်အစီအစဉ်၊ ဘင်္ဂါလီအသံလွှင့်အစီအစဉ်၊ ဟိန္ဒူစတန်နီ ဘာသာစကားနဲ့ပတ်သက်တဲ့ အသံလွှင့်အစီအစဉ်ဆိုပြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၁ ခုနှစ်ရောက်တဲ့ အခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ မူဂျာဟစ်လက်နက်ကိုင်တွေရဲ့ တောင်းဆိုချက်အရ ဒီဘင်္ဂါလီအစား ရိုဟင်ဂျာလို့ သုံးလိုက်တဲ့အတွက်ကြောင့်မို့ ဘင်္ဂါလီ ဘာသာစကားအသံလွှင့်ဌာနကနေပြီး ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ဆိုပြီး ပြောင်းလဲသွားတာဖြစ်ပါတယ်။ အဲဒီမှာလည်း ကျွန်မတို့ တွေ့ရှိချက်အရဆိုရင် အဲဒီအချိန် မြန်မာ့အသံမှာ တိုင်းရင်းသားဘာသာ အစီအစဉ်နဲ့ နယ်ခြားဒေသ လူမျိုးစုအစီအစဉ်ဆိုပြီး နှစ်ခုကို ခွဲထားပါတယ်။ ဘင်္ဂါလီဆိုတဲ့ ရိုဟင်ဂျာအသံလွှင့်အစီအစဉ်က တိုင်းရင်းသားမဟုတ်တဲ့အတွက်ကြောင့် အဲဒီအချိန်ကတည်းကိုက နယ်ခြားဒေသ လူမျိုးစုအစီအစဉ်ဆိုပြီး ထည့်သွင်းထားတာကို ၁၉၆၁ ခုနှစ် နေ့စဉ်ထုတ်သတင်းစာတွေမှာ လေ့လာတွေ့ရှိခဲ့ရပါတယ်။

သတင်းအဖွဲ့