Skip to main content

မဟုတ်မမှန်လုပ်ကြံစွပ်စွဲမှုများအား တိကျခိုင်မာစွာဖြင့် တုံ့ပြန်ချေဖျက်

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်မှရှေ့နေများ ဒုတိယအကျော့ လျှောက်လဲမှုကို ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ပြီး ဂမ်ဘီယာနိုင်ငံဘက်မှ မဟုတ်မမှန်လုပ်ကြံစွပ်စွဲချက်များကို မြန်မာနိုင်ငံရှေ့နေများက အကိုးအကား အထောက်အထားအချက်အလက်များနှင့် တိကျခိုင်မာစွာ တုံ့ပြန်ချေဖျက်ဖြေရှင်းနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ ရှေ့နေများသည် ရှေ့နေများ၏ ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းပြီး တိတိကျကျ ခိုင်ခိုင်မာမာ မှန်ကန်စွာထွက်ဆိုခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ၊ လူမျိုးသုဉ်းစေမှုစာချုပ်တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ စာချုပ်ပါအချက်အလက်များကို အပြည့်အဝလိုက်နာဆောင်ရွက်နေသည့် နိုင်ငံဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ဆောင်ရွက်ရာတွင် လူမျိုးသုဉ်းကျူးလွန်မှုဖြစ်စေနိုင်သော်လည်း မြန်မာနိုင်ငံ၏ ဖြစ်စဉ်တွင် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းကို အပြည်ပြည်ဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) တွင် အတိအလင်းအသိပေးတင်ပြထားပြီးဖြစ်သည်။

ဂမ်ဘီယာနိုင်ငံအနေဖြင့် ဖြစ်စဉ်အသေးစိတ်ကို လေ့လာခြင်းမရှိဘဲ အချက်အလက်စုံစမ်းရှာဖွေရေးအဖွဲ့ (FFM) ၏ အချက်အလက်များကိုကိုးကား၍ ရွာသုံးရွာကိုသာ ရည်ညွှန်းပြောဆိုခဲ့သည်ကို တွေ့ရသည်။ ဂမ်ဘီယာနိုင်ငံက အုပ်စုတစ်စုကို သတ်ဖြတ်သည်ဟု စွပ်စွဲသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသူများအား တိုက်ခိုက်မှုမပြုလုပ်သကဲ့သို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူစခန်းများတွင် နေထိုင်သူများအား တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို သက်သေအထောက်အထားများဖြင့် ပြသနိုင်ခဲ့သည်။ အမှန်တကယ်တွင် တစ်ဖက်နိုင်ငံမှ ARSA အကြမ်းဖက်သမားများက ဒေသနေပြည်သူများနှင့် မူရင်းတိုင်းရင်းသားများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂမ်ဘီယာနိုင်ငံဘက်မှ ပထမအစီရင်ခံစာတွင် ARSA အကြောင်းကို ဖော်ပြခြင်း မရှိခဲ့သော်လည်း မြန်မာနိုင်ငံမှ အထောက်အထားခိုင်မာစွာပြောကြားလာသည့်အခါမှသာ ဒုတိယအစီရင်ခံစာတွင် ARSA သည် အင်အားရှိသည့် တိုက်ခိုက်ရေးအဖွဲ့ ဖြစ်သည်ဟု ပြောကြားလာခဲ့သည်။ ယခုအမှုတွင် ဂမ်ဘီယာအတွက်ပံ့ပိုးနေသည့် အဖွဲ့အစည်းများနှင့်လည်း ပတ်သက်ဆက်နွှယ်မှုရှိနေကြောင်း ဝန်ခံလျှောက်လဲထားသည်။ ARSA အကြမ်းဖက်အဖွဲ့သည် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ လူပုဂ္ဂိုလ်များထံမှ အထောက်အပံ့များရရှိထားပြီး အင်အားတိုးချဲ့၍ အကြမ်းဖက်တိုက်ခိုက်ရေးသင်တန်းများ တက်ရောက်ခဲ့သူများဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံနယ်စပ် ရဲကင်းစခန်းသုံးခုကို တိုက်ခိုက်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ရဲကင်းစခန်း ၃၀ ကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်စွမ်းရှိသည်အထိ အင်အားစုဖွဲ့လာခဲ့သည်။

ARSA အင်အား ၁၇၀၀၀ ကျော်ရှိခဲ့ပြီး ပြည်ပမှထောက်ပံ့သူများကိုအားပြု၍ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ARSA အကြမ်းဖက်အင်အားများအပြင် ၎င်းတို့ စည်းရုံးသိမ်းသွင်းထောက်ခံသူ အင်အားရာနှင့်ချီ၍ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ စည်းရုံးသိမ်းသွင်းထားသော တုတ်၊ ဓားလက်နက်ကိုင် ဘင်္ဂါလီအကြမ်းဖက်များက အင်အားအသာစီးကိုယူ၍ ဒေသခံတိုင်းရင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြသည်။ တပ်မတော်အနေဖြင့် အကြမ်းဖက်စစ်ဆင်ရေးမစတင်မီကပင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ပွဲအတွင်း လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းများကို ညွှန်ကြားခဲ့ပြီး စည်းမျဉ်းအိတ်ဆောင်ကတ်ပြားများကို လုံခြုံရေးတပ်ဖွဲ့ဝင်တိုင်းအားပေးအပ်ခဲ့သည်။ စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားများနှင့် အရပ်သားများအား ခွဲခြားဆောင်ရွက်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်ဖြစ်စဉ်တွင် ARSA အကြမ်းဖက် ၆၉ ဦးသေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ် ဖြစ်စဉ်တွင် ARSA အကြမ်းဖက် ၃၇၆ ဦး သေဆုံးခဲ့သော်လည်း ICOE အစီရင်ခံစာတွင် အရပ်သားများသေဆုံးကြောင်း ဖော်ပြထားသည်။ တပ်မတော်အနေဖြင့် စစ်ဆင်ရေးအတွင်း ARSA အကြမ်းဖက်သမားများ လိုက်လံတိုက်ခိုက်သတ်ဖြတ်သည့် ရခိုင်၊ မြို၊ ဒိုင်းနက်လူမျိုးနှင့် ဟိန္ဒူများကို ကယ်တင်ပေးခဲ့သည့်အပြင် ARSA က သတင်းပေးဟုစွပ်စွဲသည့် ဘင်္ဂါလီများကို ကယ်တင်ပေးခဲ့ပြီး ရခိုင်နှင့် ဘင်္ဂါလီများအကြား ပဋိပက္ခမဖြစ်စေရန် ကာကွယ်ပေးခဲ့သည်။ အဆိုပါအချက်များသည် မြေပြင်ပကတိ ဖြစ်စဉ်အမှန်များဖြစ်ပြီး တရားသူကြီးများက မေးခွန်းထုတ်သည့်အပေါ် တိကျခိုင်မာသည့် သက်သေအထောက်အထားဖြင့် မြန်မာရှေ့နေများက ဖြေကြားခဲ့မှုများ ဖြစ်သည်။

သို့ဖြစ်ရာ ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့် ထွက်ဆိုချက်များသည် ယခင်ဖော်ပြချက်များနှင့်ကိုက်ညီမှုမရှိဘဲ မြန်မာနိုင်ငံရှေ့နေများက ထောက်ပြပြောဆိုနိုင်ခြင်း၊ အထူးသဖြင့် ARSA အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ARSA ၏ အရေးပါသည့် အခန်းကဏ္ဍများကို ဖုံးကွယ်ထွက်ဆိုမှုများ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံက တရားဥပဒေနှင့်အညီ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်မှုအား လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် မဟုတ်မမှန် ပုံဖော်ပြောဆိုခဲ့မှုများကို သက်သေအထောက်အထားတိကျခိုင်မာစွာဖြင့် တုံ့ပြန်ချေဖျက်နိုင်ခဲ့ပါကြောင်း။ ။