Skip to main content

တရားမဝင် သစ်မျိုးစုံနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

သစ်တောဥပဒေအရ ဖမ်းဆီးအရေးယူ

ထိုသို့ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက် နှင့် ၁၀ ရက်တို့တွင် အုတ်တွင်းမြို့နယ်နှင့် သာယာဝတီမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၅၉ ဒသမ ၆၄၅တန်၊ အခြားသစ် ၈ ဒသမ ၇၆၁ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၇၀၀၁၉၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၆ ရက်တွင် ဟင်္သာတမြို့နယ်နှင့် မြောင်းမြမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ မြောင်းမြမြို့နယ်အတွင်း၌ တရားမဝင်အခြားသစ် ၀ ဒသမ ၂၉၃ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၃၂၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၇၀၃၂၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ကြပ်မတ်ဆောင်ရွက်

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲကိုးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၂၇၅၁၆) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်ပို့/ တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ယင်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်