နေပြည်တော် ဖေဖော်ဝါရီ ၁၈
တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၅) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေးကင်းကင်းရှင်းရှင်းဖြင့် ပညာရေးရည်မှန်းချက် လုပ်ငန်းတာဝန်များကို တစိုက်မတ်မတ်လုပ်ဆောင်အကောင်အထည်ဖော်ကြရန်နှင့် နိုင်ငံ၏ စီမံအုပ်ချုပ်ရေးယန္တရား တည်တည်ငြိမ်ငြိမ်နှင့် အောင်မြင်စွာ လည်ပတ်နိုင်ရေး၊ နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ်ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနရှစ်ခုမှ သင်တန်းသား ၆၇ ဦး၊ သင်တန်းသူ ၃၀၇ ဦး စုစုပေါင်း ၃၇၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်သည် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်စစ်ရေးပြကွင်းတွင် သင်တန်းသား သင်တန်းသူများ၏ လက်နက်ငယ်နှင့် စစ်ရေးပြသင်ခန်းစာလေ့ကျင့်သင်ကြားနေမှု၊ သင်တန်းအလိုက် သင်တန်းခန်းမများ၌ သင်တန်းသား သင်တန်းသူများ၏ သင်ခန်းစာပို့ချနေမှု၊ တက္ကသိုလ်စာကြည့်တိုက် ပြင်ဆင်ဆောင်ရွက်ထားမှု၊ တက္ကသိုလ်မှ သင်တန်းရိက္ခာအတွက် စိုက်ပျိုးရေး ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် စံပယ်ဆောင်တွင် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၀၅) မှ သင်တန်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
