Skip to main content

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၉) သီဟတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၉) သီဟတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)၊ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ဝင်းဗိုလ်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟ၊ ကျောင်းဆင်းဗိုလ်လောင်းများ၊ ၎င်းတို့၏မိဘဆွေမျိုးများနှင့် နည်းပြများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် ကျောင်းအုပ်ကြီးတို့က စင်မြင့်တွင် နေရာယူကြသည်။ ထို့နောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက ကျောင်းဆင်းဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီး အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကို ၁၉၄၆ ခုနှစ်တွင် ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁ မှ ၁၆ )အထိလည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦးလွင်မြို့မှ ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၇ မှ ၂၈) အထိ လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ဗထူးတပ်မြို့မှ မှော်ဘီမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၉ မှ ၈၂) အထိလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈၃ မှ ယနေ့) အထိ ဗိုလ်လောင်းများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကာ အရာရှိများစွာ မွေးထုတ်ပေးလျက်ရှိသည်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) မှ ကျောင်းဆင်းအရာရှိများအနက် အောင်ဆန်းသူရိယဘွဲ့ရရှိသူတစ်ဦး၊ သီဟသူရဘွဲ့ရရှိသူ ၁ဝ ဦး၊ သူရဘွဲ့ရရှိသူ ၉၄ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသူ ၄၁၁ ဦးအထိ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်