နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးအတွင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူရကျော်ဦးစီးပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်/ရေသယ်ယာဉ် ၃၅ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီခန့်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ အာဟာရသုခဈေး ပွဲရုံ (ဂ) တန်းရှိ ဆိုင်းခန်းအမှတ် (၇၄) သိန်းကမ္ဘာကုန်ခြောက်ပစ္စည်းအရောင်းဆိုင် လျှစ်စစ်ဝါယာရှော့မှ စတင်လောင်ကျွမ်းခဲ့ပြီး ဈေးဆိုင်ခန်း ၂၄၀ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
