Skip to main content

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ဒွါဒသမအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ဒွါဒသမအကြိမ် ဘွဲ့နှင်းသဘင်နှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အထိ ဘွဲ့ကြိုပဉ္စမနှစ်များတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူ ဘွဲ့ရမောင်မယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဆုရရှိသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဘွဲ့ရမောင်မယ်များအနေဖြင့် မိမိတို့ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနအသီးသီးသို့ လုပ်ငန်းခွင်ဝင်ရောက် တာဝန်ထမ်းဆောင်ရာ၌ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကို အသုံးချလျက် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရုံသာမက မျက်မှောက်ခေတ်ကာလကိုလည်း မျက်ခြည်ပြတ်မခံဘဲ AI (Artificial Intelligence) ကဲ့သို့သော နည်းပညာဆိုင်ရာသတင်းအချက်အလက် တိုးတက်လာမှုများကို လည်း အမြဲမပြတ်လေ့လာဆည်းပူးလျက် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ပိုမိုထိရောက်အောင် မြင်နိုင်စေရေးအတွက် ဆက်လက်အသုံးချဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် သစ်တောနှင့်ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာပညာရပ်များကို လက်တွေ့အသုံးချပြီး ပေးအပ်လာသည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အထိဘွဲ့ကြိုပဉ္စမနှစ်များတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူ ဘွဲ့ရ မောင်မယ်များအား ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ ဘွဲ့ကြိုပဉ္စမနှစ်များတွင် ထူးချွန်စွာ အောင်မြင် ပြီးမြောက်ခဲ့ကြသည့် ဘွဲ့ရမောင်မယ်များအား သိပ္ပံဘွဲ့ (သစ်တော) နှင့် မဟာသိပ္ပံဘွဲ့ (သစ်တော) လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်