Skip to main content

သတိပြု၍ ကြိုတင်ကာကွယ် ခွေးရူးပြန်ရောဂါ အန္တရာယ်

ခွေးရူးပြန်ရောဂါသည် ရာခိုင်နှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သော်လည်း ပေါ့ဆမှုကြောင့် ရောဂါကူးစက်ခံရပြီး ခွေးရူးရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီဆိုပါက ကုသ၍ မရနိုင်တော့ဘဲ ရာခိုင်နှုန်းပြည့်သေဆုံးနိုင်သည့် ရောဂါဖြစ်သည်။ လူတွင် ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရခြင်းသည် အဆိုပါရောဂါပိုးရှိနေသည့် ခွေး၊ ကြောင် စသည့်တိရစ္ဆာန်များ ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း၊ ၎င်းတို့၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း၊ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှရရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် အစားထိုးကုသမှုခံယူခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။

ရှေးအခါက ခွေးရူးပြန်ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း မျက်မှောက်ကာလတွင်မူ အာဖရိကနှင့်အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိကအားဖြင့် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ခွေးရူးပြန်ရောဂါဆိုင်ရာ အသိပညာဗဟုသုတနည်းပါးခြင်းနှင့် ကာကွယ်ဆေးထိုးနှံနိုင်သည့် အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများမှာ အဆိုပါအကြောင်းရင်းနှစ်ရပ်ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု စုစုပေါင်း၏ ၈ဝ ရာခိုင်နှုန်းကျော်အထိရှိနေသည်။ မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားခြင်းသည် လေလွင့်ခွေးများ အကိုက်ခံရခြင်းကြောင့် အများဆုံးဖြစ်ရာ ခွေးကောင်ရေတိုးပွားမလာအောင် ထိန်းချုပ်ရေးနှင့် ခွေးရူးရောဂါကာကွယ်ဆေးများထိုးနှံမှု လွှမ်းခြုံနိုင်ရေးတို့မှာလည်း အရေးပါသည့်လုပ်ငန်းများဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် ရာနှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သည့်အလျောက် အိမ်မွေးခွေး၊ ကြောင်စသည့် တိရစ္ဆာန်များအား ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်း၊ ခွေး၊ ကြောင်တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်နေသူများအား ခွေးရူးပြန်ကာကွယ်ဆေးကြိုတင်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက ထပ်မံထိုးနှံခြင်းအားဖြင့် တိရစ္ဆာန်ရော လူကိုပါကာကွယ်ကြရမည်ဖြစ်သည်။

အိမ်မွေးခွေး၊ ကြောင်များတွင် ခွေးရူးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိရစ္ဆာန်ဆရာဝန်များနှင့်တိုင်ပင်၍ မိမိတို့ မွေးမြူထားသော ခွေး၊ ကြောင်များအား တစ်နှစ်တစ်ကြိမ် ပုံမှန်ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံရန်၊ မိမိတို့မွေးမြူထားသော ခွေး၊ ကြောင်များအား လမ်းပေါ်မှ ခွေးလေခွေးလွင့်များနှင့် မရောနှောမိစေရန် ဂရုတစိုက်ဆောင်ရွက်ရန်၊ အပြင်သို့ထွက်လျှင် ခွေးချည်ကြိုးဖြင့် သေချာစွာချည်၍ ထွက်ရန်၊ မိမိအိမ် သို့မဟုတ် ရပ်ကွက်ထဲတွင် ခွေးရူးရောဂါဖြစ်နေသည်ဟု သံသယရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ ခွေးရူးရောဂါအတည်ပြု ခွေးကောင်ရေတိုးတက်များပြားလာကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံဆေးခန်းများ၏ တရားဝင်သတင်းပို့ စာရင်းများအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါနှင့် သေဆုံးသူ ၁၁၃ ဦးရှိခဲ့ရာ ယခင်နှစ်များထက် ပိုမိုများပြားလာခြင်းကြောင့် ပြည်သူတစ်ရပ်လုံးခွေးရူးရောဂါကို သတိပြုကာကွယ်ကြရန်လည်း မွေး/ကုပညာရှင်တစ်ဦးက သတိပေးထားသည်ကို တွေ့ရသည်။ ခွေး၊ ကြောင်ကိုက်ခံရခြင်း၊ ကုတ်ခြစ်ဒဏ်ရာရခြင်းတို့တွင် ဒဏ်ရာသေးငယ်စေကာမူ မပေါ့ဆသင့်ဘဲ ခွေးရူးပြန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။ အကိုက်ခံရသည့် ဒဏ်ရာကို ရေနှင့်ဆပ်ပြာတို့ဖြင့် အနည်းဆုံး ၁၅ မိနစ်ဆေးရန်၊ အနာကို အရက်ပြန် သို့မဟုတ် ဘီတာဒင်းကဲ့သို့ ပိုးသန့်စင်ဆေးရည်ထည့်ရန်၊ ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ပိုမိုဂရုစိုက်၍ အရေးပေါ်ချက်ချင်းကုသမှုခံယူရန်၊ ခွေးရူးပြန်ရောဂါမဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်ရန်နည်းလမ်းဖြစ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အမြန်ဆုံးနှင့် အကြိမ်ပြည့်ထိုးနှံရန် (ခွေးရူးပြန်ပိုးသတ်ဆေး - Anti rabies serum ထိုးနိုင်ပါက ပို၍ကောင်းပါသည်။)၊ ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပညာပေးထားသည်။

အထူးသတိပြုရန် လိုအပ်သည်မှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အချိန်မီထိုးရန် လိုအပ်ခြင်းကြောင့် အချိန်မဖြုန်းမိကြရန်ပင်ဖြစ်သည်။ လူပြောသူပြော ဆေးမြီးတိုများ၊ ဂါထာမန္တရား မန်းမှုတ်ခြင်းများကို ရှောင်ကြဉ်ကြပြီး တစ်ခုတည်းသော ကာကွယ်နည်းဖြစ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို နီးစပ်ရာဆေးရုံဆေးခန်း၌ အမြန်ဆုံးထိုးနှံကာကွယ်ကြခြင်းဖြင့် ခွေးရူးပြန်ရောဂါဘေးကင်းဝေးကြပါစေကြောင်း။