Skip to main content

တည်ဆဲဥပဒေများကို လိုက်နာ တာဝန်သိစွာဖြင့် ပူးပေါင်းဆောင်ရွက်

လတ်တလောဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ရှိနိုင်သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ စက်သုံးဆီ စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချနိုင်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်ထားရှိကြောင်းသိရသည်။ လက်ရှိတွင် အရန်သိုလှောင်ထားရှိသည့် စက်သုံးဆီများရှိသည့်အပြင် ဝယ်ယူထားသော စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီ လုံးဝပြတ်လပ်မှုမရှိနိုင်ကြောင်း အသိပေးကြေညာထားသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများဖြစ်ပေါ်နေဆဲဖြစ်ရာ အရှေ့အလယ်ပိုင်းမှ လောင်စာဆီတင်သွင်းသည့် သင်္ဘောများအနေဖြင့် သယ်ယူပို့ဆောင်ရာရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီးအဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါအခြေအနေသည် အချိန်ကာလတစ်ခုမျှ ကြာမြင့်မည်ဖြစ်၍ လက်ရှိတွင် သိုလှောင်ရောက်ရှိထားသည့် စက်သုံးဆီများကို အချိန်ကာလတစ်ခုအထိ လုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် ခြိုးခြံချွေတာသုံးစွဲနည်း အစီအမံများတွင် မော်တော်ယာဉ်သုံးစွဲသူများက လိုက်နာဆောင်ရွက်ခြင်းအားဖြင့် စိုးရိမ်ပူပန်မှုကင်းစွာဖြင့် ဖြတ်သန်းနိုင်မည်ဖြစ်သည်။

စက်သုံးဆီချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ယနေ့ (မတ်လ ၇ ရက်နေ့) မှစတင်၍ မော်တော်ယာဉ်များအား နေ့စဉ် “စုံ/မ”အက္ခရာနံပါတ်များအလိုက် အလှည့်ကျအသုံးပြုခြင်းစနစ်ကို ကျင့်သုံးမည်ဖြစ်ရာ အထူးသဖြင့် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်ထားသော “စုံ/မ”စည်းကမ်းများအလိုက် လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။ အဆိုပါစနစ်ကို ကျင့်သုံးသည့်အခါ ပုဂ္ဂလိကပိုင်ယာဉ် အသုံးပြုသူများအနေဖြင့် လတ်တလောအခက်အခဲများ ရှိကောင်းရှိနိုင်မည်ဖြစ်သော်လည်း အများပြည်သူအကျိုးစီးပွားကိုရှေးရှု၍ လိုက်နာဆောင်ရွက် ကြရန်လိုပါသည်။ စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူတို့က စက်သုံးဆီများကို ဝယ်ယူစုဆောင်းသိုလှောင်ခြင်းနှင့် အမြတ်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်လိုပါသည်။

မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မော်တော်ယာဉ်အမျိုးမျိုး ဝယ်ယူအသုံးပြုမောင်းနှင်မှုများ တစ်နေ့တခြား တိုးတက်များပြားလျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မော်တော်ယာဉ်များ သိန်းသန်းအရေအတွက်ရှိလာပြီဖြစ်သည်။ မော်တော်ယာဉ်အရေအတွက် များပြားလာသည်နှင့်အမျှ စက်သုံးဆီလိုအပ်ချက်မှာလည်း တစ်နေ့တခြားတိုးတက်များပြားလာရာ ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံခြားငွေသုံးစွဲမှုကို ပိုမိုမြှင့်တင်သုံးစွဲပေးလျက်ရှိသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်များ ဝယ်ယူသုံးစွဲခွင့်ရရှိရေး၊ စက်သုံးဆီလုံလောက်စွာရရှိရေးကို နေ့စဉ်စီမံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့်အခြေအနေများအပေါ်မူတည်၍ အဘက်ဘက်တွင် ပိုမို ကောင်းမွန်သောအခြေအနေတစ်ရပ်ဖြစ်ပေါ်လာအောင် ဆောင်ရွက်နေသည့်အစီအမံများတွင်လည်း ပါဝင်ဆောင်ရွက်ကြရန်လိုပါသည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ရာသီဥတုပြောင်းလဲမှုအခြေအနေများနှင့် ကြုံတွေ့နေရသည်။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ အအေးလှိုင်းဖြတ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ပြည်သူအားလုံးခံစားရလျက်ရှိရာ အဆိုပါအန္တရာယ်များကို ကျော်ဖြတ်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာအစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအစီအစဉ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တည်ရှိနေသော ရုပ်ကြွင်းလောင်စာသုံး မော်တော်ယာဉ်များမှထုတ်လွှတ်သည့် ကာဗွန်ဓာတ်ငွေ့ လျှော့ချရေးအစီအစဉ်အဖြစ် လျှပ်စစ်မော်တော်ယာဉ်များသုံးစွဲရေး၊ လောင်စာဆီသုံးမော်တော်ယာဉ်အသုံးပြုမှုလျှော့ချရေး စသည့်အစီအမံများကို နိုင်ငံများအားလုံးက ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ အရေးပေါ်ကြုံတွေ့လာသော ကမ္ဘာ့အရေးတစ်ရပ်တွင် လောင်စာဆီသုံးမော်တော်ယာဉ်များ အခိုက်အတန့် ရပ်နားပေးလိုက်သည့်အစီအစဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်းသည် လေထုညစ်ညမ်းမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်သဖြင့် ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းရေးအတွက် အထောက်အပံ့ကောင်းတစ်ခု ရရှိလာမည်ဖြစ်သည်။

သို့ဖြစ်ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်း အကျပ်အတည်း ဖြစ်ပေါ်ခြင်းကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့လျက်ရှိရာ အဆိုပါအခက်အခဲအကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးသည့် အစီအစဉ်များတွင် စည်းကမ်းတကျ ဥပဒေနှင့်အညီ လိုက်ပါဆောင်ရွက်ရင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။