နေပြည်တော် မတ် ၇
တောင်သူများအချင်းချင်း လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင်ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို ပူးပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ရေးနှင့် နည်းပညာပြန့်ပွားစေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပလျက်ရှိသည့် အပတ်စဉ် (၁၀၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အပတ်စဉ်ကျင်းပမြဲဖြစ်သော နည်းပညာဆွေးနွေးပွဲများသည် တောင်သူများအတွက် အသိပညာဗဟုသုတများ မျှဝေရာနေရာဖြစ်သည့်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် စိုက်ပျိုးပညာရှင်များနှင့် သက်ဆိုင်သည့် သုတေသီများ၊ နည်းပညာပြန့်ပွားရေး ပညာရှင်များနှင့် ချိတ်ဆက်ပေးသည့် အရေးပါသော ပေါင်းကူးတံတားတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာပြန့်ပွားရေး (Extension) လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုးရာတွင် ရေရှည်တည်တံ့ရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်မီသော ဝါဂွမ်းများထွက်ရှိစေရန်အတွက် မိုးကြို၊ မိုးနှောင်း၊ မိုးဝါ ဒေသများအလိုက် မျိုးစေ့စနစ်ထွန်းကားစေရန် တောင်သူများ ကိုယ်တိုင်ဝါမျိုးစေ့ထုတ်လုပ်နိုင်စေရန်အတွက် နည်းပညာများကို မျှဝေပေးရန်လိုအပ်ကြောင်း၊ ယခု(၁၀၅)ကြိမ်မြောက် နည်းပညာဆွေးနွေးပွဲမှတစ်ဆင့် နောင်တွင် တောင်သူများအချင်းချင်း နည်းပညာမျှဝေနိုင်သည့်အဆင့်အထိ ရောက်ရှိရန်မျှော်မှန်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန်းတို့က “ရေရှည်တည်တံ့သော ဝါသီးနှံစိုက်ပျိုးရေးစနစ်ဖြင့် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ဆွေးနွေးချက်များအပေါ် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြစ်သားမြို့နယ်များမှ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြသည့် ဝါစိုက်တောင်သူများက မိမိတို့ဒေသအလိုက် ကြုံတွေ့နေရသည့် ပေါင်းမြက်ကျရောက်မှု ပြဿနာများ၊ ပိုးမွှားကျရောက်မှုပြဿနာများနှင့် ဈေးကွက်အခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာပညာရှင်များက အသေးစိတ်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
