(၃၈)ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

(၃၈)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်း အဝေး (38th ASEAN Ministers on Energy Meeting-AMEM) ၏ ဆက်စပ်အစည်းအဝေး အစီအစဉ်များဖြစ်သည့် (၁၇)ကြိမ်မြောက် ASEAN+3 အစည်းအဝေး၊ (၄)ကြိမ် မြောက် ASEAN-IRENA အစည်းအဝေးနှင့် (၁၄)ကြိမ် မြောက် East Asia Summit Energy Ministers Meeting (EAS-EMM) အစည်းအဝေးများကို ယနေ့နံနက် ၈ နာရီတွင် ဗီယက်နမ်နိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ပါဝင်တက်ရောက်သည်။

တက်ရောက်

(၁၇)ကြိမ်မြောက် ASEAN+3 စွမ်းအင်ဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံနိုင်ငံများနှင့် တရုတ်၊ ကိုရီးယား၊ ဂျပန်တို့မှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ စွမ်းအင်ဗဟိုဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။

အစည်းအဝေးတွင် စွမ်းအင်ဖူလုံရေး (Energy Security)၊ ကာဗွန်ထုတ်လွှတ်မှုနည်းသည့် သန့်ရှင်းသော စွမ်းအင်နှင့် အခြားစွမ်းအင်အသစ်များ ပြောင်းလဲသုံးစွဲရေး၊ စွမ်းအင်အကျိုးရှိထိရောက်ရေးနှင့် ထိန်းသိမ်းရေး (Energy Efficiency and Conservation) တို့အတွက် ASEAN+3 နိုင်ငံများမှ နည်းပညာနှင့် Capacity Development Program များ ပံ့ပိုးကူညီပေးရေး၊ ကိုဗစ်ကပ်ရောဂါ အလွန်ကာလတွင် စီးပွားရေးပြန်လည်နာလန်ထူရန် အတွက် စွမ်းအင်ကဏ္ဍအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

(၄)ကြိမ်မြောက် ASEAN-IRENA အစည်းအဝေးသို့ အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် International Renewable Energy Agency (IRENA) ၏ Director General Mr. Francesco La Camera တို့ တက်ရောက်ကြ ပြီး ASEAN-IRENA (အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲ စွမ်းအင်အေဂျင်စီ) တို့အကြား ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပြန်ပြည့်မြဲစွမ်းအင်နှင့် စွမ်းအင်အသစ်များ တိုးမြှင့်သုံးစွဲ ရေးအတွက် နည်းပညာနှင့် ငွေကြေးပံ့ပိုး ကူညီမှုဆိုင်ရာ ၂၀၁၉-၂၀၂၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဦးစားပေး လုပ်ငန်းအစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။

 ဆက်လက်၍ (၁၄)ကြိမ်မြောက် EAS-EMM အစည်း အဝေးတွင် အာဆီယံနှင့် အရှေ့အာရှနိုင်ငံများဖြစ်သော တရုတ်၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အရှေ့အာရှနိုင်ငံ များအကြား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) အတွက် လက်ရှိပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ကမ္ဘာ့ကပ်ရောဂါ၏ စီးပွားရေးသက်ရောက်မှုများကို စွမ်းအင်ကဏ္ဍမှ တုံ့ပြန် ကုစားဆောင်ရွက်နိုင်မည့် လက်တွေ့ကျသော မူဝါဒများကို ချမှတ်ဆောင်ရွက်ရေး၊ အာဆီယံစွမ်းအင် ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်(ASEAN Plan of Action for Energy Cooperation - APAEC) Phase II (2021-2025) ပါ အစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ တည်ငြိမ်ပြည့်ဝပြီး သန့်ရှင်းသော စွမ်းအင်များ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကာဗွန် ထုတ်လွှတ်မှုနည်းသော လူမှုအဖွဲ့အစည်း (Low Carbon Society) ထူထောင် နိုင်ရေးတို့အတွက် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။


စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး


နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တွင် ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် ASEAN Plan of Action for Energy Cooperation Phase II (2021-2025) အား အတည်ပြုခြင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် လျှပ်စစ် ဓာတ်အားရောင်းဝယ်ရေး၊ စွမ်းအင်ခြိုးခြံချွေတာရေး၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး၊ သန့်ရှင်းသော ကျောက်မီးသွေးကဏ္ဍ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး (Clean Coal Technology)၊ မြို့ပြသုံး နျူကလီးယားစွမ်းအင် ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး၊ ကိုဗစ်ကာလအလွန် ဒေသတွင်း စီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ သန့်ရှင်းသော စွမ်း အင်ထုတ်လုပ်မှုများ ဆောင်ရွက်ရေး၊ အလုပ်အကိုင် အခွင့် အလမ်းပိုမိုရရှိရေးနှင့် Energy Security ကိစ္စများကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်