Skip to main content

ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ

စားသုံးသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ဦးဆုံးပြောကြားခဲ့သူမှာ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီဖြစ်သည်။ “စားသုံးသူဆိုသည်မှာ မိမိတို့အားလုံးပါဝင်သည်။ အဆိုပါစားသုံးသူများမှာ ကမ္ဘာပေါ်တွင် စီးပွားရေးအရ အင်အားအကြီးဆုံးအုပ်စုတစ်စုဖြစ်ပြီး အစိုးရကရော ပုဂ္ဂလိကတို့ကပါ စီးပွားရေးနှင့်ပတ်သက်၍ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ဟူသမျှတို့၏ ကောင်းမှုဆိုးမှုအစုစုတို့ကို ခံစားကြရသူများဖြစ်သည်။ စားသုံးသူများသည် ဤမျှအရေးကြီးသော်လည်း ၎င်းတို့၏အသံကို နားမထောင်ကြဘဲ မေ့လျော့နေကြ သည်” ဟု သမ္မတ ကနေဒီက အမေရိကန်ကွန်ဂရက်တွင် ၁၉၆၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စားသုံးသူများ၏ အခွင့်အရေးများကို စတင်ဖော်ထုတ်ပြောကြားခဲ့သည့် မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်ထိုနေ့သို့ကျရောက်သည့် အခါတိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အခမ်းအနားများကျင်းပကြခြင်းဖြစ်သည်။ စင်စစ်အားဖြင့် စီးပွားရေးလုပ်ငန်းဟူသမျှတို့မှာ စားသုံးသူများအပေါ်တွင်သာ အခြေစိုက်ထားကြရခြင်းဖြစ်သည်။ စားသုံးသူသည် စီးပွားရေးတွင် အင်အားအကြီးဆုံးနှင့် အရေးအပါဆုံးဖြစ်ပြီး စားသုံးသူမရှိလျှင် မည်သည့်စီးပွားရေးလုပ်ငန်းမျှလုပ်ကိုင်၍ မရနိုင်သည့်တိုင် တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မေ့လျော့ထားကြသည်။ စားသုံးသူများ၏ ရပိုင်ခွင့်၊ စားသုံးသူများ၏ အခြေခံအခွင့်အရေးများကိုလည်း လျစ်လျူရှုထားကြပြီး မိမိတို့အကျိုးအမြတ်ရရှိရေးအတွက်သာ ဦးတည်ဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ စားသုံးသူများရရှိရမည့် အခြေခံအခွင့်အရေးများမှာ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခွင့်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှု၏ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များရရှိခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာများ၊ အခွင့်အရေးနှင့်အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိနိုင်ခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်ရရှိခွင့်တို့ပင်ဖြစ်သည်။ စားသုံးသူအခွင့်အရေးများနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာဆုံးရှုံးလျှင်ဖြစ်စေ၊ သံသယဖြစ်ဖွယ် ကုန်စည်နှင့် ဝန်ဆောင်မှုများတွေ့ရှိလျှင်ဖြစ်စေ နီးစပ်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနများတွင် တိုင်ကြားနိုင်ပြီး တိုင်ကြားမှုများကို ကုစားဖြေရှင်းပေးလျက်ရှိသည်။

ယခုလာမည့် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့အတွက် ဆောင်ပုဒ်မှာ “Safe Products, Confident Consumers”. “ထုတ်ကုန်ဘေးကင်းလုံခြုံမှ၊ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဟူ၍ဖြစ်ပြီး ဘေးကင်းသည့် ထုတ်ကုန်များဆိုင်ရာစည်းမျဉ်းများ ခိုင်မာအားကောင်းရန်၊ ဒစ်ဂျစ်တယ်ဈေးကွက်နှင့် မျက်မြင်စျေးကွက် နှစ်ခုလုံးတို့တွင် ဘေးကင်းသောကုန်စည်များအတွက် စားသုံးသူအခြေခံအခွင့်အရေးကိုမြှင့်တင်ရန်နှင့် ကာကွယ်ရန်ရည်ရွယ်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ယခုနှစ်အတွက် စားသုံးသူများ၏ အခြေခံအခွင့်အရေးများဆောင်ရွက်ရာတွင် စားသုံးသူများကို ကာကွယ်ရန်ပျက်ကွက်လျက်ရှိသော စည်းမျဉ်းစည်းကမ်းဆိုင်ရာ အားနည်းချက်များကို ပြုပြင်ခြင်း၊ ပြည့်စုံသည့်သတင်းအချက်အလက်များဖြင့် ဘေးကင်းသော ရွေးချယ်မှုများပြုလုပ်နိုင်ရန် ပြည်သူလူထုကိုပညာပေးခြင်း၊ အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ဘေးကင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ခိုင်မာအားကောင်းစေခြင်းကို အထူးပြုဆောင်ရွက်သွားရမည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ၅၁ သန်းကျော်သော ပြည်သူများမှာ ကုန်စည်များနှင့် ဝန်ဆောင်မှုများကို နေ့စဉ်နှင့်အမျှ စားသုံးနေကြသူများပင်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုများပေးအပ်၍ စီးပွား ရှာဖွေနေကြသည့် လုပ်ငန်းရှင်များအနေဖြင့် ၅၁ သန်းကျော်သော စားသုံးသူများသည် မိမိတို့၏အရေးပါသော စီးပွားဘက်များဖြစ်သည်ကိုသတိပြုကာ မိမိတို့၏ကုန်စည်များနှင့် ဝန်ဆောင်မှုများတွင် စားသုံးသူများဘေးကင်းရေးကို အလေးထားဆောင်ရွက်ကြရပါမည့်အကြောင်း။ ။