နေပြည်တော် မတ် ၁၈
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူအား သဘာပတိအဖြစ် အဆိုတင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်နီနီမာက ထောက်ခံသည့်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကို သဘာပတိအဖြစ် တင်မြှောက်ကြောင်း အခမ်းအနားမှူးက ကြေညာသည်။
ထို့နောက် သဘာပတိ ဒေါ်ဒွဲဘူက အမျိုးသားလွှတ်တော်၏ ရှေ့မှောက်၌ သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ဆက်လက်၍ သဘာပတိက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၁၃) ဦးစလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေးတစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ထောက်ခံသည့်အတွက် ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁) အရ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေးအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ထွန်းက အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင် တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က ထောက်ခံသည့်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင်အား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရသည့် ဦးအောင်လင်းဒွေးနှင့် Jeng Phang နော်တောင်တို့က သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် သဘာပတိက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးထံ တာဝန်လွှဲအပ်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကားအပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ ကျင်းပမည့်နေ့ရက်နှင့်အချိန်ကို ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
