နေပြည်တော် ဧပြီ ၂၇
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ကော်မရှင်ရုံးအရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီကူးပြောင်းရောက်ရှိချိန် မီးလောင်မှုများစွာ ဖြစ်လေ့ဖြစ်ထရှိသည့်အတွက်ကြောင့် အချိန်မရွေး၊ ရာသီမရွေးနိုင်ငံတော်ပိုင်အဆောက်အအုံများ၊ ပြည်သူလူထု၏ အိုးအိမ်တိုက်တာ အဆောက်အအုံများ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် မီးဘေးလုံခြုံရေးကို စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဝန်ထမ်းများသာ တာဝန်ရှိသည်မဟုတ်ဘဲ ပြည်သူလူထုအားလုံးကလည်း မီးဘေးလုံခြုံရေးအသိ၊ သတိဖြင့် ဝိုင်းဝန်းဆောင်ရွက်မှသာ မီးဘေးအန္တရာယ်မဖြစ်ပွားအောင် ကြိုတင်တားဆီးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်ဦးစီးမှူးရုံးညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောရာတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဘူးအသုံးပြုခြင်း၊ မီးလောင်မှုအမျိုးအစားများ၊ မီးဘေးလုံခြုံရေးအတွက် ဝန်ထမ်းများ လိုက်နာရမည့်အချက်များ၊ မီးဘေးလုံခြုံမှုနှင့် အကြံပြုချက်များ၊ မီးလောင်မှုဖြစ်လျှင် လိုက်နာရမည့် အချက်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး တာဝန်ရှိသူများက လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဆက်လက်ပြသရာ ကော်မရှင်ရုံးအရာထမ်းအမှုထမ်းများက မီးငြှိမ်းသတ်ခြင်းကို စနစ်တကျလေ့ကျင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
