Skip to main content

ထေရဝါဒဗုဒ္ဓသာသနာ့သမိုင်းဝင် နှစ်(၇၀)ပြည့် ဆဋ္ဌသင်္ဂါယနာ

ထေရဝါဒ ဗုဒ္ဓဘာသာသမိုင်းတစ်လျှောက်တွင် မြတ်စွာဘုရားဟောကြားဆုံးမတော်မူခဲ့သည့် ဓမ္မနှင့် ဝိနယတရားတော်များ မပျောက်မပျက်စေရန်နှင့် သန့်ရှင်းစင်ကြယ်စေရန် ဗုဒ္ဓ၏ တပည့်သားရဟန်းသံဃာများက စုပေါင်းရွတ်ဆို သုတ်သင်တည်းဖြတ်ကြရသည့် သင်္ဂါယနာပေါင်း ခြောက်ကြိမ်ရှိခဲ့သည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး မကြာမီကာလတွင် ပထမသင်္ဂါယနာ တင်ခဲ့ရသည်မှစကာ နှစ်ပေါင်းနှစ်ရာကျော်အတွင်း ဒုတိယနှင့် တတိယသင်္ဂါယနာတို့ကို အိန္ဒိယနိုင်ငံတွင် တင်ခဲ့ကြရသည်။

သာသနာနှစ် ၄၅၀ ခန့်တွင် သီရိလင်္ကာနိုင်ငံ၌ စတုတ္ထသင်္ဂါယနာကို တင်ခဲ့ရာ ဘုရားရှင်လက်ထက်မှစ၍ ကာလတစ်လျှောက်လုံး နှုတ်တက်အာဂုံဆောင်ခဲ့ကြသည့် တရားတော်များကို ပထမဆုံးအဖြစ် ပေထက်အက္ခရာတင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်သာသနာပြု ဒါယကာ မင်းတုန်းမင်းကြီးလက်ထက် သာသနာနှစ် ၂၄၁၅ ခုနှစ်တွင် ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ ဘုရားဟော ပိဋကတ်သုံးပုံတရားတော်တို့မှာ ကျောက်စာချပ်ရေ ၇၂၉ ချပ်ပေါ်တွင် ကျောက်ထက်အက္ခရာအဖြစ် တင်နိုင်ခဲ့သည်။ မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရင်ပြင်တော်တွင် စိုက်ထူထားသည့် အဆိုပါ ပိဋကတ်သုံးပုံကျောက်စာများမှာ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ကမ္ဘာတွင် ထင်ရှားကျော်ကြားလျက်ရှိသည်။

မြတ်စွာဘုရားရှင်၏ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များကို နှစ်ပေါင်း ၂၆၀၀ ခန့် ကာလအတွင်း သင်္ဂါယနာခြောက်ကြိမ်တင်ခဲ့ရာ၌ နောက်ဆုံးနှစ်ကြိမ်မှာ မြန်မာနိုင်ငံ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာကို သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ဖွင့်ပွဲကို ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂီတိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့သည်။ မဟာဓမ္မသဘင်ဖွင့်ပွဲသည် သုံးရက်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးများ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ သံဃရာဇာ သာသနာပိုင်ဆရာတော်များ၊ သံဃနာယကဆရာတော်များ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဗီယက်နမ်နိုင်ငံတို့မှ ဂဏာစရိယဆရာတော်များ ပါဝင်သည့် သင်္ဂီတိကာရကအပါး ၂၅၀၀ ကြွရောက်တော်မူခဲ့ကြသည်။ မေလ ၂၁ ရက်နေ့တွင် မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း ထေရဝါဒ ငါးနိုင်ငံမှ ဆရာတော်၊ သံဃာတော် ၂၅၀၀ တို့ စုဝေးတော်မူကြ၍ ဆဋ္ဌသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။

၎င်းသင်္ဂါယနာတင်ပွဲတွင် အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ကြီး ဘဒ္ဒန္တရေဝတ၊ အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသတို့က သံဃနာယက မထေရ်အဖြစ် ဆောင်ရွက်တော်မူကြ၍ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏက ပုစ္ဆက အမေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာ ဘိဝံသကဝိသဇ္ဇက အဖြေပုဂ္ဂိုလ်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့သည်။ ၎င်းဖြေဆိုချက်အတိုင်း သင်္ဂီတိကာရက၊ သင်္ဂီတိပါဏက ဆရာတော်များက စုပေါင်းညီညာ ရွတ်ဆိုတော်မူကြ၍ သင်္ဂါယနာတင်တော်မူကြသည်။ မြတ်စွာဘုရားရှင် ဟောကြားတော် မူခဲ့သည့် ဓမ္မဝိနယတရားတော်များကို နှစ်နှစ်ကြာသင်္ဂါယနာတင်ခဲ့ရာ သာသနာနှစ် ၂၅၀၀ ပြည့် ကောဇာသက္ကရာဇ် ၁၃၁၈ ခု၊ ကဆုန်လပြည့်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။

ယခုအခါ နှစ်ပေါင်း (၇၀) ပြည့်မြောက်ခဲ့ပြီဖြစ်သော သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီး ကျင်းပခဲ့သည့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၊ ဥတ္တရကုရုစသော ကျောင်းဆောင်ကြီး လေးဆောင်၊ မဟာသိမ်တော်ကြီး၊ သုံးထပ်ဆွမ်းစားကျောင်းဆောင်၊ ပိဋကတ်ပုံနှိပ်တိုက်၊ ပိဋကတ်ပြတိုက်၊ မဟာနာယကကျောင်းတော်ကြီးနှင့် ဝိဇယမင်္ဂလာဓမ္မသဘင်တို့ကို ရှေးမူမပျက်ပြင်ဆင်မွမ်းမံခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်မွမ်းမံခြင်းတို့ ဆောင်ရွက်ထားပြီးဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်များမှာလည်း ခဲစာလုံးပုံနှိပ်မူမှသည် ကွန်ပျူတာမူအဖြစ် ပူဇော်ထားရှိနိုင်ပြီဖြစ်သည်။ ထိုမျှမကသေး မြန်မာ၊ ပါဠိ၊ ရိုမန် အက္ခရာတို့ဖြင့် ကျောက်စာချပ်ရေ ၁၄၄၀ တို့ကို ကျောက်စာရုံစေတီ ၇၂၀ တည်ကာ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း ပူဇော်ထားရှိနိုင်ခဲ့ပြီဖြစ်သည်။

ဗုဒ္ဓသာသနာ သမိုင်းတွင် သင်္ဂါယနာ နှစ်တန်ကျင်းပနိုင်ခဲ့သည့် မိမိတို့နိုင်ငံသည် ပရိယတ္တိ၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်အရှင်သူမြတ်များ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ဆရာဒကာ လက်တွဲညီစွာဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအဓွန့်ရှည်စွာ ကမ္ဘာတည်သရွေ့ သန့်ရှင်းတည်တံ့ပြန့်ပွားရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။