နေပြည်တော် မေ ၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ ပျဉ်းမနားမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် လိုအပ်ချက်ကို လက်ငင်းဖြည့်ဆည်းဆောင်ရွက်ပေးမှုအဖြစ် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံး စုံစမ်းရေးနေရာ၌ ဧည့်ကြိုဝန်ထမ်းထားရှိဆောင်ရွက်မှုကို ကြည့်ရှုပြီး ရုံးဝင်းအတွင်းရှိ ပြည်သူများ နားနေဆောင်၌ နိုင်ငံသားဆိုင်ရာလုပ်ငန်းများ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စီစဉ်မှုဖြင့် နိုင်ငံသားကတ်အတွက် ဓာတ်ပုံရိုက်ကူးနေမှု၊ မြို့နယ်အဆင့် ငါးဦးကော်မတီအဖွဲ့ဝင်များ စိစစ်ဆောင်ရွက်နေမှု၊ ရုံးခန်းအတွင်း ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်မရရှိသေးသူများ၊ ပျောက်ဆုံး/ ပျက်စီးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ လာရောက်ဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းနှင့် စိစစ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID တစ်ပါတည်း ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်သူ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား စာရွက်စာတမ်းလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် ဂရုပြုဆောင်ရွက်ကြရန်မှာကြားပြီး လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်နှင့် UID တို့ကို ကာယကံရှင်တစ်ဦးချင်းထံပေးအပ်၍ မြို့နယ်ရုံးဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့်အတူ မြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID တစ်ပါတည်း ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ကာယကံရှင် ပြည်သူတစ်ဦးထံပေးအပ်ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် နိုင်ငံသားများ၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို လမင်းစီမံချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
