Skip to main content

တိုင်းဒေသကြီး၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ အဖွဲ့များ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် ဇွန် ၃

နေပြည်တော်အတွင်းရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးစဉ် လာရောက်လည်ပတ်ကြသည့် ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ အဖွဲ့တို့မှ အဖွဲ့ဝင် (၃၆) ဦးနှင့် အုပ်ချုပ်သူငါးဦး စုစုပေါင်း ၄၁ ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိကြသည်။

အဆိုပါ တိုင်းရင်းသားလေ့လာရေးအဖွဲ့ဝင်များသည် ဇွန် ၄ ရက်နှင့် ၅ ရက်တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ သူရဲကောင်းစစ်သည်ဗိမာန်၊ လှေခွင်းတောင်အပန်းဖြေစခန်း၊ သတ္တသတ္တာဟမဟာဗောဓိစေတီတော် (ဗုဒ္ဓဂယာ)၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (တပ်ကုန်း) နှင့် စစ်သမိုင်းပြတိုက်များသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏စီစဉ်မှုဖြင့် နေပြည်တော်လေ့လာရေးခရီးစဉ်ကို နဝမအကြိမ်အဖြစ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်