Skip to main content

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ကုန်ပစ္စည်းများတင်ဆောင်၍ ဒုတိယအကြိမ်သွားရောက်ပို့ဆောင်သည့် မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ

နေပြည်တော် ဇွန် ၄

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အထိ ဆက်သွယ်ထားသော မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဒေသများတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ စက်သုံးဆီများအား မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ် ထပ်မံပို့ဆောင်ပေးခဲ့ရာ မေ ၃၁ ရက်နေ့တွင် မြစ်ကြီးနားမြို့အထိ ရောက်ရှိခဲ့ပြီးဖြစ်သည်။

အဆိုပါ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသည့် မော်တော်ယာဉ်များနှင့်အတူ မြစ်ကြီးနားမြို့အပါအဝင် လမ်းကြောင်းတစ်လျှောက်ရှိ မြို့/ရွာများမှ မန္တလေးမြို့တွင် ပို့ဆောင်ရောင်းချမည့် ဒေသထွက်ကုန်ပစ္စည်းများ၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ သင်တန်းတက်ရောက်ရန် သွားရောက်မည့် ဌာနဆိုင်ရာဝန်ထမ်းများ လိုက်ပါ၍ ဇွန် ၃ ရက်တွင် မြစ်ကြီးနားမြို့မှ ပြန်လည်ထွက်ခွာလာကြရာ ဇွန် ၄ ရက် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုများဖြင့် မန္တလေး - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများအား အချိန်မီပို့ဆောင် ဖြည်းဆည်းပေးခြင်း၊ အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ခဲ့ခြင်းများကြောင့် အဆိုပါလမ်းကြောင်း တစ်လျှောက်တွင် ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်များ ပုံမှန်အတိုင်းပြန်လည် သွားလာလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့်လည်း ၎င်းတို့၏ သွားလာနေထိုင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများပုံမှန်အတိုင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။