Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ နည်းပညာမြင့် စက်ရုံ၊ အလုပ်ရုံများအား သွားရောက်လေ့လာ

နေပြည်တော် ဇွန် ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ နည်းပညာမြင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာကြသည်။

Zhejiang Leapmotor Technology Co., Ltd.

ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Zhejiang Leapmotor Technology Co.,Ltd. သို့ ရောက်ရှိကြရာ ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ မစ္စတာကျူးကျန်းမင်းနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် Zhejiang Leapmotor Technology Co., Ltd. ၏ သမိုင်းကြောင်းဆိုင်ရာများ၊ စက်ရုံဆိုင်ရာအချက်အလက်များနှင့် စက်ရုံ၏ လစဉ်၊ နှစ်စဉ် စွမ်းဆောင်နိုင်ရည်များ၊ စက်ရုံမှထုတ်လုပ်ထားသည့် မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် ထုတ်လုပ်ထားရှိပြီးဖြစ်သည့် မော်တော်ယာဉ်များ၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ပုံ လုပ်ငန်းအဆင့်ဆင့်များ၊ အပြီးသတ်အချောထည်လုပ်ငန်းဆောင်ရွက်နေမှုများကို စိတ်ပါဝင်စားစွာဖြင့် ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ Zhejiang Leapmotor Technology Co., Ltd. သည် တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင်တည်ရှိပြီး လျှပ်စစ်ကားများ အဓိကထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ Zhejiang Leapmotor Technology Co., Ltd. သည် ထုတ်ကုန်ပစ္စည်းများ သုတေသနပြုလုပ်ခြင်းနှင့် အစိတ်အပိုင်းများထုတ်လုပ်ခြင်းအတွက် ကုမ္ပဏီပေါင်း (၅၀) ကျော်တွင် ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ၏ ၆၅ ရာခိုင်နှုန်းကို ကိုယ်တိုင်တီထွင်ထုတ်လုပ်လျက်ရှိပြီး ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားရှိကြောင်း၊ လက်ရှိလျှပ်စစ်ကားများထုတ်လုပ်မှုအခန်းကဏ္ဍတွင် တရုတ်နိုင်ငံတွင်း၌ အဆင့် ၃ တွင်ရှိပြီး ကမ္ဘာ့အဆင့်အနေဖြင့် အဆင့် ၆ တွင်ရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ လျှပ်စစ်ကားများတင်ပို့မှုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အစီးရေ ၆ သောင်းကျော် တင်ပို့ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် အစီးရေတစ်သိန်းကျော်သည်အထိတင်ပို့နိုင်ရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

လေ့လာမှုများအပြီးတွင် Zhejiang Leapmotor Technology Co., Ltd. ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

Zhejiang Qingshi New Material Technology Co., Ltd.,

ယင်းနောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Zhejiang Qingshi New Material Technology Co.,Ltd., သို့ ရောက်ရှိကြရာ ဥက္ကဋ္ဌ မစ္စတာ တုကော်ဖျင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ ကုမ္ပဏီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အမျိုးအစားကောင်းသည့် ဝါးပင်များအား သုတေသနပြုရွေးခြယ်၍ ဓာတုဗေဒနည်းဖြင့်မဟုတ်ဘဲ ရူပဇီဝနည်းပညာဖြင့် ဝါးချည်မျှင်အဆင့်ဆင့်ထုတ်လုပ်မှု၊ ဝါးချည်မျှင်အား အခြားသောချည်မျှင်အမျိုးမျိုးနှင့် အချိုးကျရောစပ်၍ ချည်များ၊ အထည်အလိပ်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ ကျုံးကျန်းချင်းရှီနည်းပညာကုမ္ပဏီ (Zhejiang Qingshi New Material Technology Co., Ltd.) သည် တရုတ်နိုင်ငံ၊ ကျုံကျန်းပြည်နယ်၊ ဟန်ကျိုးမြိုရှိရှောင်ရှန်းခရိုင်တွင် အခြေစိုက်သော နည်းပညာအခြေပြုပုဂ္ဂလိကလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အဓိကထုတ်ကုန်များအနေဖြင့် အရည်အသွေးမြင့်ဝါးချည်မျှင်၊ ဝါးချည်မျှင်ရောစပ်ထားသော ချည်များ၊ အထည်အလိပ်များဖြစ်ပြီး ဝယ်ယူသူများမှာယူလိုသည့် လိုအပ်ချက်များနှင့်အညီလည်း အထူးပြုလုပ်ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ထုတ်လုပ်မှုစွမ်းရည်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် သဘာဝဘက်တီးရီးယား ပိုးသတ်နှုန်း ၉၉ ဒသမ ၂ ရာခိုင်နှုန်းရှိသည့် ဝါးချည်မျှင်စုစုပေါင်း ၁၈,၀၀၀ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီရုံးချုပ်သည် ဟန်ကျိုးမြိုတွင်တည်ရှိသော်လည်း ဝါးချည်မျှင်နှင့် အထည်ထုတ်လုပ်နေသည့်စက်ရုံသည် ဝါးများ များပြားစွာပေါက်ရောက်သည့် ဖူးကျန့်ပြည်နယ်၊ နန်ပင်းမြို၌တည်ရှိကြောင်း သိရှိရသည်။

ထို့နောက် ကုမ္ပဏီဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအတွက် ဝါးချည်မျှင်ဖြင့် အထူးပြုလုပ်ထားသော လက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်သမ္မတက လက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ကျုံးကျန်းချင်းရှီနည်းပညာကုမ္ပဏီ (Zhejiang Qingshi New MaterialTechnology Co., Ltd.) ၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ကုမ္ပဏီကပြုလုပ်ထားသည် ဝါးချည်မျှင် ထုတ်လုပ်သည့်စက်ဖြင့် ဝါးချည်မျှင်များ ထုတ်လုပ်ထားရှိမှု၊ ဝါးချည်မျှင်နှင့် အခြားချည်မျှင်များ ရောနှောပေါင်းစပ်မှု၊ ချည်မျှင်ရရှိလာမှုအဆင့်ဆင့်အား လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

Unitree Robotics Co., Ltd.

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Unitree Robotics Co., Ltd. သွားရောက်လေ့လာကြရာ ဥက္ကဋ္ဌဖြစ်သူ မစ္စတာဝမ်ရှင်းရှင်းနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး ကုမ္ပဏီမှထုတ်လုပ်ထားသည့် စက်ရုပ်ကလည်း နိုင်ငံတော်သမ္မတအား မြန်မာဘာသာဖြင့် “မြန်မာ” ဟု ရေးသား၍ ကြိုဆိုသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စက်ရုံမှထုတ်လုပ်ထားသည့် စက်ရုပ်များ၊ စက်ရုပ်များ၏ အစိတ်အပိုင်းကိရိယာတစ်ခုချင်းစီအလိုက် ထုတ်လုပ်ထားရှိမှုများအား လိုက်လံကြည်ရှုလေ့လာရာ ကုမ္ပဏီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။

ယင်းနောက် Unitree Robotics Co., Ltd. မှထုတ်လုပ်ထားသည့် စွမ်းဆောင်ရည်မြင့် တိရစ္ဆာန်ပုံသဏ္ဍာန်စက်ရုပ် (quadruped robots)၊ လူသားပုံသဏ္ဍာန်စက်ရုပ် (humanoidrobots) နှင့် အသိဉာဏ်တုနည်းပညာသုံးမော်ဒယ် (AI model) များအသုံးပြု၍ လူသားတစ်ဦးအသွင်ကဲ့သို့ လှုပ်ရှားသွားလာခြင်း၊ သဘာဝဘေးအန္တရာယ်များတွင် အသုံးပြုခြင်း၊ မြန်မာသံစဉ်၊ တရုတ်သံစဉ်တို့ဖြင့် နှစ်နိုင်ငံမှရိုးရာအကများကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ပြသခြင်း၊ လက်ဝှေ့ထိုး၍သရုပ်ပြသခြင်း၊ စက်ရုံအလုပ်ရုံများ၊ နေအိမ်များ၌ ဝန်ဆောင်မှုလုပ်ငန်းများ၌အသုံးပြုရာတွင် အသုံးပြုမှုသရုပ်ပြသခြင်းတို့ကို လုပ်ဆောင်ပြသရာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ Unitree Robotics Co., Ltd. သည် ကျုံကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် ရုံးချုပ်ရှိသော ကမ္ဘာကျော် ပုဂ္ဂလိကစက်ရုပ်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စွမ်းဆောင်ရည်မြင့် တိရစ္ဆာန်ပုံသဏ္ဍာန်စက်ရုပ် (quadruped robots)၊ လူသားပုံသဏ္ဍာန်စက်ရုပ် (humanoidrobots) နှင့် အသိဉာဏ်တုနည်းပညာသုံးမော်ဒယ် (AI model) များအား သုတေသနပြု ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် နည်းပညာဆန်းသစ်တီထွင်မှုကို အထူးအလေးပေးထားကာ AI နည်းပညာများ၊ ရွေ့လျားမှုထိန်းချုပ်မှုအယ်လ်ဂိုရီသမ်များအပါအဝင် အဓိကအစိတ်အပိုင်းအားလုံးကို ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ Unitree Robotics Co., Ltd. ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံသို့ အထူးပြုလုပ်ထားသည့် စက်ရုပ်တစ်ရုပ်အား ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်သမ္မတက အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။