နေပြည်တော် ဇွန် ၂၇
ကမ္ဘာ့ MSME နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်၍ အသိပညာပေးဆွေးနွေးပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌက “အနာဂတ်ခေတ်မီ MSME များ၏ ဒီဂျစ်တယ်အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး စားပွဲဝိုင်းပုံစံဖြင့် ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များက သိရှိလိုသည့်အချက်များကို မေးမြန်းရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။
ညနေပိုင်းတွင် ကမ္ဘာ့ MSME နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် အသင်းအဖွဲ့များအား ဂုဏ်ပြုအခမ်းအနားကို ဆက်လက်ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသွင်အောင်၊ ဒေါက်တာအောင်ဇေယျ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကမ္ဘာ့ MSME နေ့ အခမ်းအနားဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ကို မှတ်တမ်းတင်ဂုဏ်ပြု ကျေးဇူးတင်လွှာများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးများက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်သူများအသင်း၊ နေပြည်တော် MSME လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားအဖွဲ့ချုပ်တို့ကို မှတ်တမ်းတင်ဂုဏ်ပြုကျေးဇူးတင်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
