Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်တွင်း/ ပြည်ပအလုပ်သမားဆိုင်ရာကော်မတီအား တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-1) ရှိ ပြည်တွင်း/ ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်၍ ပြည်တွင်း/ ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ သီးခြားဖိတ်ကြားထားသည့် အလုပ်သမားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်းနှင့် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်းတို့ကလည်း ယခင်လုပ်ငန်းအတွေ့အကြုံများအရ လုပ်ဆောင်သင့်သည့်လုပ်ငန်းများ၊ ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အကြံပြုချက်များကို ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်ကော်မတီများ၏ လုပ်ပိုင်ခွင့်၊ တာဝန်နှင့် အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ၊ ကော်မတီတွင်ပါဝင်ကြသည့် ကိုယ်စားလှယ်များအနေဖြင့် စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဘာသာရပ်ဆိုင်ရာကိစ္စရပ်များကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာဆည်းပူးသွားကြရန်နှင့် အစိုးရအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရာတွင် ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့ပြည်သူ့လွှတ်တော်တွင် လွှတ်တော်လုပ်ငန်းစဉ်များကို အထောက်အကူပြုရန် အမြဲတမ်းကော်မတီလေးခုအပါအဝင် ကော်မတီ ၂၂ ခု ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ယင်းကော်မတီများအနက် ယနေ့တွေ့ဆုံသော ပြည်တွင်း/ ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီသည် အရေးပါသည့် ကော်မတီတစ်ခုဖြစ်ပါကြောင်း၊ မည်သည့်ကော်မတီမဆို လွှတ်တော်အား အထောက်အကူပြုသည့် ဒေါက်တိုင်များဖြစ်ပြီး လွှတ်တော်ငယ်များဟုလည်း ခေါ်ဆိုနိုင်ကြပါကြောင်း၊ အလုပ်သမားကိစ္စအား စဉ်းစားရာတွင် ပြည်တွင်းရှိ ကာယဉာဏ အလုပ်သမားများ၊ ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားအလုပ်သမားများနှင့် ပြည်ပရှိ အလုပ်သမားများက မိခင်နိုင်ငံသို့ လုပ်ခလစာများ ပြန်လည်လွှဲပြောင်းပေးပို့သည့် (Remittances) များဟူ၍ အဓိကအပိုင်း (၃) ပိုင်းကို အလေးထားစဉ်းစားရန်ဖြစ်ကြောင်း။

ပြည်တွင်းအလုပ်သမားများနှင့်ပတ်သက်၍ ၎င်းတို့၏ ခံစားခွင့်၊ အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဥပဒေနှင့်အညီဖြစ်စေရေး လေ့လာကြရန်လိုကြောင်း၊ နောက်ထပ်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုမှာ နိုင်ငံတော်တွင် ပြည်တွင်းတည်ဆဲဥပဒေ ၄၁၉ ခု၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောဥပဒေ ၁၂၀ ခန့်ရှိကြောင်း၊ ယင်းဥပဒေများအား သက်ဆိုင်ရာကော်မတီအလိုက် ဖြန့်ခွဲပေးမည်ဖြစ်၍ ယင်းဥပဒေများအား ခေတ်ကာလအခြေအနေနှင့်လျော်ညီအောင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဥပဒေအသစ်ပြဋ္ဌာန်းခြင်း စသည့်လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေမှာ ၅၁ သန်းကျော်ရှိသည့်အနက် ခန့်မှန်း ၆ သန်းကျော်ခန့်သည် ပြည်ပသို့ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသူများဖြစ်သည်ဟု စာရင်းဇယားများအရ သိရှိရကြောင်း၊ ဤမျှများပြားသော ပမာဏရှိသည့် အလုပ်သမားများအတွက် ဥပဒေအရ အကာအကွယ်ရရှိရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့်သက်ဆိုင်သော ဝန်ကြီးဌာနများနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး၍ ပြည်ပရှိအလုပ်သမားများအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးရမည့် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းရန်လိုကြောင်း။

ပြည်ပရှိ အလုပ်သမားများအတွက် အကာအကွယ်ပေးရန် အနိမ့်ဆုံးအဆင့်ကော်မတီနှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းထားရှိရန်လိုကြောင်း၊ ဥပဒေများကို ပြင်ဆင်ရေးဆွဲရာတွင် ILO စံချိန်စံညွှန်းများကိုပါ လေ့လာ၍ ဂရုပြုရေးဆွဲဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ပရှိ အလုပ်သမားများနှင့်ပတ်သက်၍ အလုပ်အကိုင်ရှာဖွေဆောင်ရွက်နေသော အေဂျင်စီများ၏ လုပ်ငန်းစဉ်များကိုလည်း စနစ်တကျလေ့လာသုံးသပ်၍ နိုင်ငံအတွက် နစ်နာမှုမရှိရအောင် ကြိုးပမ်းဆောင်ရွက်သွားရေးလုပ်ငန်းများကိုလည်း အလေးအနက်ထားဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်