Skip to main content

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် ဇနီးတို့က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော် ဇူလိုင် ၃

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် ဇနီး မစ္စစ်နားလီဆီစုလိတို့က လာအိုသမ္မတအိမ်တော်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် လာအိုသမ္မတအိမ်တော်သို့ ရောက်ရှိကြရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် ဇနီး မစ္စစ်နားလီဆီစုလိတို့က ခင်မင်ရင်းနှီးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဂုဏ်ပြုညစာစားပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့နှင့်အတူ လာအိုနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နှစ်နိုင်ငံနိုင်ငံတော်သီချင်းကို ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတနှစ်ဦးက နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတနှင့် ဇနီးနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ဂုဏ်ပြုညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း လာအိုယဉ်ကျေးမှုအဖွဲ့က နှစ်နိုင်ငံတေးသီးချင်းများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေတင်ဆက်ကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် လာအိုယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပပြုလုပ်သည့် လာအိုသမ္မတအိမ်တော်မှ ပြန်လည်ထွက်ခွာကြရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့က ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။