နေပြည်တော် ဇူလိုင် ၃
၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၁) ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ (၂) မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ဥမ္မာမြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၏ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ၏ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ ဇနီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး၊ တပ်မတော်မှ အရာရှိကြီးများ၏ ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ ဒုတိယဝန်ကြီးနှင့်အဆင့်တူ အမျိုးသမီးပုဂ္ဂိုလ်များ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ အမျိုးသမီးအဖွဲ့များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ကဏ္ဍအလိုက်ထူးချွန်ဆုရရှိကြသူများ တက်ရောက်ကြသည်။
ဦးစွာ တေးသံရှင်မေဂျွန်နှင့် မြနန္ဒာတို့က “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖော်ဆောင်မှုနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတည်ထောင်ခဲ့သည့် နှစ် (၃၀) ပြည့်အတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှု Video Clip ကို ပြသသည်။
ထို့နောက် ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၁) ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေးက နိုင်ငံ့ဂုဏ်ဆောင်ဆုရ မြန်မာနိုင်ငံ Esports အားကစားအဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်တို့ကိုလည်းကောင်း၊ စစ်ရေးပြအကောင်းဆုံးဆုရ ဒုတိယဗိုလ်ဒေါ်ယဉ်မင်းသန့်၊ ရေကြောင်းပညာစာပေထူးချွန်ဆုရ ဗိုလ်ဒေါ်ချစ်မေဇင်၊ ချီးကျူးဂုဏ်ပြုဆုရ ဗိုလ်ကြီးထက်ဝတ်ရည်စိုးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းနီနီအေးက ထူးချွန်အမျိုးသမီး ရဲမေဆုရ ရဲအုပ်မြင့်မြတ်သူ၊ ကြက်ခြေနီထူးချွန်ဆုရ ခရိုင်တပ်ဖွဲ့မှူး ဒေါ်ထက်အိဝေနှင့် မသန်စွမ်းအမျိုးသမီး အားကစားထူးချွန်ဆုရရှိသူ မနန်းစန်းရတနာထွန်းတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများနှင့် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က စီးပွားရေးစွမ်းဆောင်ရှင်ဆုရရှိကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တေးသံရှင် ဟန်ထူးဈာန်နှင့် နွေးနွေးချစ်ဖွယ်တို့က “ကမ္ဘာတည်သရွေ့” တေးသီချင်းဖြင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့်အတူ သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် အမျိုးသမီးရေးရာဝန်ကြီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများနှင့် အမျိုးသမီးအသင်းအဖွဲ့အစည်းများမှ ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်
