နေပြည်တော် ဇူလိုင် ၄
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့်ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသူများ၊ ပညာရှင်များ၊ သမဝါယမအသင်းစုချုပ်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ကပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားသည်။
ထို့နောက် ဗဟိုသမဝါယမအသင်းလီမိတက်အသင်းဝင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစု ဒါရိုက်တာဒေါ်သဉ္ဇာဝင်းက အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။
ယင်းနောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ ပေးပို့သော သဝဏ်လွှာဝမ်းမြောက်စကား Record Video ကို ပြသပြီး ကျေးလက်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ပြသသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဦးမင်းနောင်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် စွမ်းဆောင်ရည်အကောင်းဆုံး တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်ဆု၊ စွမ်းဆောင်ရည်အကောင်းဆုံး မြို့နယ်သမဝါယမအသင်းစုဆု၊ ကုန်ထုတ်လုပ်ငန်းများ အကောင်းဆုံး စွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်းဆု၊ ကုန်သွယ်မှု လုပ်ငန်းများ အကောင်းဆုံးစွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်းဆု၊ ဝန်ဆောင်မှု လုပ်ငန်းများအကောင်းဆုံးစွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်းဆု၊ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ကျေးလက်ဖွံ့ဖြိုးရေးဘက်စုံထူးချွန်ဆု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုဆု၊ ကျေးရွာပတ်ဝန်းကျင်စီမံခန့်ခွဲမှုစံပြဆု၊ ကျေးလက်ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဆုများကို ချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့အထိမ်းအမှတ် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းများ၏ ထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းများ၏ အရောင်းပြခန်းများကို ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက် လေ့လာဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်
