Skip to main content

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အောင်မြင်

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်(၁၀၀)ပြည့်သည့် ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဖြစ်နေဆဲ ကာလဖြစ်၍ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မကျင်းပဘဲ ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(၁)တွင် Virtual စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ။

မြန်မာနိုင်ငံ၏ဂုဏ်ဆောင် မြန်မာတစ်မျိုးသားလုံး၏ အမြတ်တနိုး တန်ဖိုးထားသည့် ရန်ကုန် တက္ကသိုလ်ကြီးသည် ဖြစ်တည်ခဲ့သော နှစ် (၁၀၀) ကာလသမိုင်းကြောင်းတစ်လျှောက်၌ နိုင်ငံ သားများအား ပညာအမွေပေးဝေ ရေးသာမက နိုင်ငံတော်၏အကျိုးစီးပွား၊ နိုင်ငံ၏ဂုဏ်ဒြပ် မြင့်မားရေးအတွက်ပါ တာဝန်ကျေပွန်စွာ ထမ်းပိုးဆောင်ကြဉ်းပေးခဲ့ပေသည်။ ကျေးဇူး ကြီးမားသော ရန်ကုန်တက္ကသိုလ်ကြီး၏ ကောင်းမြတ်သော ဂုဏ်အရည်အချင်းများနှင့် မမေ့နိုင ်ဖွယ်ရာ အဖြစ်သနစ် အခင်းအကျင်းများအား ကြုံတွေ့ဖြတ်သန်း ခဲ့ကြသောဆရာကြီး ဆရာမ ကြီးများ၊ ကျောင်းသားကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ်များက ထိုက်ထိုက်တန်တန် တာဝန်ကျေကျေ လေးစားဂုဏ်ပြု ဖော်ညွှန်းခြင်းအမှုတို့ကို ပြုခဲ့ကြသည်။

လူပုဂ္ဂိုလ်တို့အနေဖြင့်လည်းကောင်း၊ ထိုလူပုဂ္ဂိုလ်တို့ အမှီပြုသော နေရာဌာနတို့သည် လည်းကောင်း ထင်ရှားကျော်ကြားမှုနှင့် သမိုင်းဝင် သမိုင်း တွင်မှု အခြေအနေကိုလိုက်၍ အချိန် ကာလအပိုင်းအခြားအလိုက်ဖြစ်သည့် ငွေရတု၊ ရွှေရတု၊ စိန်ရတုဟူ၍ အများအားဖြင့် ကျင်းပလေ့ရှိပြီး ရတုများ အပြင် ရာပြည့်သဘင်အခမ်းအနားအထိ ကျင်းပနိုင်သည်မှာ ထူးကဲ သည့် အခွင့်အရေးပင် ဖြစ်သည်။ ပို၍ထူးကဲသည်မှာ သမိုင်းဝင် အမိရန်ကုန် တက္ကသိုလ်ကြီး၏ တည်နေရာသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်မား နေသည့် stay at Home သတ်မှတ်ထားသောနယ်မြေဖြစ်၍ လူစုလူဝေး မဖြစ်စေရေးရှောင်ရှားပြီး အခမ်းအနား အစီအစဉ်များကို ကြိုတင်ရိုက်ကူး၍ နည်းပညာအသုံးပြုချိတ်ဆက်ကာ မြန်မာ့ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့် နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူအားလုံး ကြည့်ရှုအားပေးနိုင်ခဲ့ ခြင်းပင် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်ရာပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်ဖြစ်သော်လည်း ရန်ကုန် တက္ကသိုလ်ကြီးအား ဆက်လက် ဂုဏ်ပြုမြှင့်တင်ကြရမည် ဖြစ်ပေသည်။ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလက ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင် ပွဲတော်ကြီးကို နိုင်ငံတော်အဆင့် ဦးစီးကျင်းပပြီး သက်ဆိုင်ရာ ကော်မတီ များဖြင့် ၂၀၁၆ ခုနှစ်ကတည်းက ကြိုတင်ပြင်ဆင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အကြိုဂုဏ်ပြု အစီအစဉ်များကို တစ်နှစ်တာပြုလုပ်ရန် လျာထားခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၁ ရက်နေ့မှ တစ်လကြာ ဂုဏ်ပြု အစီအစဉ်များ ဆက်လက်ကျင်းပရန်စီစဉ်ထားခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာသောကြောင့် ကြုံတောင့်ကြုံခဲ ရာပြည့်သဘင်ပွဲကို သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာနကနိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အကြိုကာလမှ အခမ်းအနားကျင်းပပြီးသည်အထိ ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းမှတ်တမ်းများ၊ ဂုဏ်ယူ တန်ဖိုးထားဖွယ်ရာ အခင်းအကျင်းများ၊ စွမ်းဆောင်မှုများ၊ ပျော်ရွှင်ကြည်နူး လွမ်းမော ဖွယ်ရာများ စသည်စသည် တို့ကို ကိုယ်တိုင်ကြုံတွေ့သူများ၊ ဘာသာရပ်ဆိုင်ရာ ဝါသနာရှင် များက မှတ်တမ်းတင်ဂုဏ်ပြု ဖျော်ဖြေတင်ဆက်မှုများကို ဝိုင်းဝန်းပြုလုပ်ပေးခဲ့ ကြသည်မှာ မြန်မာနိုင်ငံ၏အထင်ကရတက္ကသိုလ်ကြီးကို လေးစားဂုဏ်ပြု အသိအမှတ်ပြု ရာရောက် ပေသည်။

ရန်ကုန်တက္ကသိုလ်ကြီးသည်နှစ် (၁၀၀) မှသည် နှစ်ပေါင်းရာချီ၍ ထောင်ချီ ကာလတိုင် ဆက်လက်ရပ်တည်အောင်မြင်ဖြစ်ထွန်းကာ တည်ရှိနေရေးသည် မျက်မှောက်ကာလ ပညာလိုလားသောသူများက ဝိုင်းဝန်းဂုဏ်ပြုမြှင့်တင် ပေးကြရမည်ဖြစ်သကဲ့သို့ နောင်အရှည် သဖြင့် နိုင်ငံတကာအလယ်တွင် ပြန်လည်ဝင့်ထည်လာစေရန်နှင့် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ တက္ကသိုလ်ကြီး ဆက်လက်တည်ထွန်းနေစေရန် ပညာလိုလားသော မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ဆက်လက်မွေးထုတ်ပေးနိုင်ရေးကို ကြိုးပမ်းအားထုတ်ကြ ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့်ကာလတွင်အမိတက္ကသိုလ် ကြီး၏ ရာပြည့် သဘင်ကို အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းဂုဏ်ပြုမြှင့်တင် ပေးကြသကဲ့သို့ ရန်ကုန် တက္ကသိုလ်ကြီးအား အနာဂတ်ကာလတွင် နိုင်ငံတကာအလယ်၌ အကောင်းဆုံး တက္ကသိုလ်ကြီး ဖြစ်လာရေးကို မျှော်မှန်း၍ ဝိုင်းဝန်းကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။