နိုင်ငံတော်အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိုရှေးရှု၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ တိုးတက်ကောင်းမွန်သောရလဒ်များရရှိသလို ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေများ၊ နောက်ပြန်လှည့်သွားသည့်အခြေအနေများဖြစ်ပေါ်ခဲ့သည်ကိုလည်း ကြားသိရမည်ဖြစ်သည်။
လက်ရှိကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုကရွေးချယ်ထားသည့် ရွေးကောက်ခံအစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူများလိုလားနှစ်သက်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများအားလုံး၏ လိုလားချက်များ၊ ဆန္ဒများကို ပြည်သူ့ကိုယ်စားလှယ်များနှင့်အတူ ထုတ်ဖော်ဆွေးနွေးညှိနှိုင်းပေါင်းစပ်ပြီး ရယူနိုင်သည့် အခွင့်အရေးများရှိနေပြီဖြစ်သည်။ တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍လည်း ဦးစားပေးအလေးထားပြီး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကာ မိမိတို့၏ လိုလားချက်များကိုရယူနိုင်သည့် အခွင့်အရေးများရှိနေပြီဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရမည်ဖြစ်ရာ နိုင်ငံရေးစင်မြင့်၊ နိုင်ငံရေးစားပွဲဝိုင်းများသို့ လာရောက်ကြရန် ဖိတ်ခေါ်ဆွေးနွေး ဆောင်ရွက်နေပြီဖြစ်သည်။
ယခုအခါ ပိုမိုထိရောက်သောငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ချမှတ်နိုင်ရန်နှင့် ရရှိပြီးသော ဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAOs)တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ဆွေးနွေးပွဲများ နေပြည်တော်တွင်ကျင်းပပြုလုပ်နေသည်ကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင် စဉ်ဆက်မပြတ်ပြုလုပ်နေသလို လွှတ်တော်အသီးသီးတွင် တိုင်းရင်းသားလူမျိုးများအရေး၊ တိုင်းရင်းသားဒေသများအရေးတို့ကို ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ခြင်းသည် ငြိမ်းချမ်းရေးခရီးလမ်း ချောမွေ့ဖြောင့်တန်းရန်အတွက် အထောက်အပံ့ကောင်းများ၊ ရလဒ်ကောင်းများပင်ဖြစ်သည်။
နိုင်ငံရေးအရဖြစ်ပေါ်ခဲ့သော သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့ဒေသနယ်မြေများ၌ တည်ငြိမ်အေးချမ်းမှုရရှိရန် လိုအပ်နေဆဲဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဒေသခံပြည်သူများ လက်နက်ကိုင်ပဋိပက္ခများ၏ ဆိုးမွေများ ရေရှည်ခံစားနေကြရသည်ကို ဝမ်းနည်းဖွယ်တွေ့ရမည်ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာမဆောင်ရွက်နိုင်ဘဲ မြို့ပြဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ကွာဟချက်ကြီးမားနေသည်ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းနေကြခြင်းသည် ဒေသနှင့် ပြည်သူ့အကျိုးစီးပွားကို ဖျက်ဆီးနေခြင်းဖြစ်ပြီး တစ်နည်းဆိုသော် ပြည်ထောင်စု၏ အနာဂတ်ကို ဖျက်ဆီးရာရောက်နေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိမိတို့သဘောတူညီ လက်ခံထားသည့် NCA သည်သာ ငြိမ်းချမ်းရေး၏ လမ်းပြမြေပုံဖြစ်သည်ကို နားလည်ထားကြပြီးဖြစ်သည်။ ယခုဆွေးနွေးညှိနှိုင်းလျက်ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် NCA ၏ အနှစ်သာရကိုအခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ယုံကြည်မှုတည်ဆောက်နေခြင်းဖြစ်သည်။ ပိုမိုထိရောက်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင် ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးပြီး အကြောင်း အမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှကင်းကွာနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါဝင်လာနိုင်ရေး၊ စဉ်ဆက်မပြတ်ထိတွေ့တွေ့ဆုံဆွေးနွေးနိုင်ရေးတို့သည် ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းရေးအတွက် အရေးကြီးသဖြင့် ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ကြရန် အထူးလိုအပ်သည်။
သို့ဖြစ်ရာ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက် အကောင်အထည်ဖော်နေပြီး ထိုမှ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ရာ ပိုမိုထိရောက်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ပေါ်လာနိုင်ရန်အတွက် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
