Skip to main content

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဒေသများ သန့်ရှင်းလှပရေးဆောင်ရွက်

ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ပေးသောလုပ်ငန်းသည် ခရီးသွားလုပ်ငန်းဖြစ်သည်ဟု ဥပဒေတွင်အဓိပ္ပာယ်ဖွင့်ဆိုသည်။ ခရီးလှည့်လည်ရေးလုပ်ငန်း၊  ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြား ဝန်ဆောင်မှုလုပ်ငန်းများမှာ ခရီးသွားလုပ်ငန်းတွင် ပါဝင်သည်။

ခရီးသွားလုပ်ငန်းများကို အမျိုးအစားအားဖြင့်ခွဲခြားကြည့်ပါက အပန်းဖြေခရီးစဉ်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ လေ့လာခြင်းခရီးစဉ်၊  သဘာဝအခြေခံခရီးစဉ်၊  အဏ္ဏဝါခရီးစဉ်၊ ခြေလျင်တောင်တက်နှင့် စွန့်စားမှုခရီးစဉ်၊ တောလမ်းကားမောင်းပြိုင်ပွဲနှင့် ကားအပျော်စီးခရီးစဉ်၊ စက်ဘီးစီးခရီးစဉ်၊ မီးပုံးပျံခရီးစဉ်၊ ဘာသာရေးဆိုင်ရာခရီးစဉ်၊ အပျော်စီးသင်္ဘောခရီးစဉ်၊ စင်းလုံးငှားလေယာဉ်ခရီးစဉ်၊ အားကစားအခြေပြု ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းများနှင့် အခြားခရီးသွားအခြေပြုလုပ်ငန်းများဟူ၍ရှိရာ မိမိတို့နိုင်ငံသည် ဖော်ပြပါခရီးသွားလုပ်ငန်းအမျိုးအစားအားလုံး ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက်နိုင်သည့် အရင်းအမြစ်များ ပြည့်စုံသော နိုင်ငံဖြစ်သည်ကို တွေ့ရှိနိုင်သည်။

 ‘‘ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လိုသည့်  သမိုင်းဝင်တန်ခိုးကြီးဘုရား ပုထိုးစေတီများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦများနှင့် သာယာလှပသည့်ပတ်ဝန်းကျင်ကောင်းများစွာရှိကြကြောင်း၊ မိမိနိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် အဆောက်အဦများကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာများသည် နိုင်ငံတော်၏ သမိုင်းကြောင်း အစဉ်အလာကြီးမားမှုနှင့် ယဉ်ကျေးမှုစရိုက်လက္ခဏာမြင့်မားမှုတို့ကို ဖော်ညွှန်းနေခြင်းဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှခရီးသွားများစွာကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း’’နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 ဒေသတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြခြင်းအားဖြင့် ဒေသစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ ခရီးသွားဧည့်သည်များ၏ စားသောက် နေထိုင်သွားလာရေးအတွက် အမျိုးအမည်များစွာသော ဝန်ဆောင်မှု လုပ်ငန်းများ ပေးနိုင်သကဲ့သို့ ဒေသထွက်အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊  အမှတ်တရလက်ဆောင်များစသည်တို့  ထုတ်လုပ်ရောင်းချနိုင်သည်။  အဆိုပါလုပ်ငန်းများသည် ခရီးသွားဧည့်သည်အမြောက်အမြား  ဝင်ရောက်လာသည်နှင့်အမျှ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာကြပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေပိုမိုတိုးတက်ကောင်းမွန်လာစေသည်။ ပြည်ပခရီးသွားလုပ်ငန်းများသည်လည်း ကမ္ဘာ့နိုင်ငံများအကြား အပြန်အလှန်နားလည်မှု၊ ယဉ်ကျေးမှုနှင့် နာမည်ကောင်းသတင်းများ သယ်ဆောင်ပို့ပေးနိုင်ကြသည်။

‘‘အိမ်သာလျှင် ဧည့်လာသည်’’ဟူသောဆိုရိုးစကားနှင့်အညီ သာယာလှပသည့်ဒေသ၊ သန့်ရှင်းသပ်ရပ်သည့် မြို့ရွာ၊ အရသာရှိပြီးနာမည်ကြီးသည့် ဒေသအစားအစာများနှင့် ရင်းနှီးဖော်ရွေသော နှလုံးသားရှိသည့်ဒေသခံများစသည်တို့မှာ ခရီးသွားဧည့်သည်တို့ကို ဆွဲဆောင်နိုင်သည့်အရာများပင်ဖြစ်ရာ မိမိတို့၏ရပ်ရွာဒေသများကို ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါလှပအောင် ဒေသခံများက ဖန်တီးကြရန်လိုသည်။ မိမိတို့ဒေသအတွင်းရှိ သမိုင်းဝင်အမွေအနှစ်များ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ဝိုင်းဝန်းဖော်ထုတ်ကြရန်နှင့် မပျောက်ဆုံးမပျက်စီးစေရန်လည်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်သည့်အပြင် ဒေသအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန်လည်း လိုသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးလုပ်ငန်းတွင် ပါဝင်သည့်အလျောက် နိုင်ငံအသီးသီးရှိ အစိုးရများ၊  လုပ်ငန်းရှင်များက ခရီးသွားလုပ်ငန်းဖြင့် စီးပွားရှာဖွေရန် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်လျက်ရှိကြသည်။ ၎င်းတို့နိုင်ငံများအလိုက် ရှိနေကြသည့် ခရီးသွားဆွဲဆောင်မှုများကို ကမ္ဘာအရပ်ရပ်ရှိခရီးသွားဧည့်သည်များသိရှိနိုင်ကြစေရန် မီဒီယာနည်းလမ်းအမျိုးမျိုးဖြင့် ကြော်ငြာမြှင့်တင်ဆောင်ရွက်ကြသည်။ ခရီးသွားလုပ်ငန်းအမျိုးမျိုးတို့အတွက် အရင်းအမြစ်များကြွယ်ဝစွာပိုင်ဆိုင်ထားကြသည့်  မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုကိုတည်ဆောက်ကာ ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ဒေသစီးပွား၊ နိုင်ငံ့စီးပွားမြင့်မားနိုင်ပါစေကြောင်း။