နေပြည်တော် ဇူလိုင် ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန်၏နေရာတွင် မစ္စတာ သော်ဆရလမ်အား ခန့်အပ်ရန် ထိုင်းနိုင်ငံအစိုးရ၏အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ သော်ဆရလမ်ကို ၁၉၇၅ ခုနှစ် မတ်လ ၃ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှ ဂျာမန်ဘာသာစကားဖြင့် ဝိဇ္ဇာဘွဲ့၊ ရမ်ခမ်ဟွန်တက္ကသိုလ်မှ ဥပဒေပညာဖြင့် ဝိဇ္ဇာဘွဲ့၊ ဗြိတိန်နိုင်ငံ ဝေါဝခ်တက္ကသိုလ်မှ နိုင်ငံတကာ နိုင်ငံရေးဘောဂဗေဒဖြင့် မဟာဝိဇ္ဇာဘွဲ့တို့ကို ရရှိ ခဲ့သည်။
မစ္စတာ သော်ဆရလမ်သည် ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုချီမင်းမြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံး၊ ဆစ်ဒနီမြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံးနှင့်ဘူဒါပတ်မြို့ရှိ ထိုင်းသံရုံးတို့၌ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
မစ္စတာ သော်ဆရလမ်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်သည်။
သတင်းစဉ်
