Skip to main content

တစ်ခါသုံးဆေးထိုးအပ်များ ထုတ်လုပ်မှု ပြန်လည်စတင်

နေပြည်တော် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဆေးဝါးစက်ရုံ (အင်ရောင်း) တွင် တစ်ခါသုံး ဆေးထိုးအပ်များထုတ်လုပ်မှု ပြန်လည်စတင်ပြီဖြစ်ကြောင်း အဆိုပါစက်ရုံမှ သိရသည်။

ဆေးဝါးစက်ရုံ (အင်ရောင်း) ၌ တစ်ခါသုံးဆေးထိုးအပ်များ ထုတ်လုပ်မှုပြန်လည်စတင်ခြင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စက်ရုံ၌ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Valves Private limited ဥက္ကဋ္ဌတို့ တက်ရောက်ဖွင့်လှစ်ပေးကြပြီး စက်ရုံအတွင်းတစ်ခါသုံးဆေးထိုးအပ် ထုတ်လုပ်နေမှု၊ အရည်အသွေး စမ်းသပ်စစ်ဆေးနေမှုနှင့် ထုပ်ပိုးမှုစနစ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် စက်ရုံရှင်းလင်းဆောင်ခန်းမ၌ ဒုတိယဝန်ကြီးက ဖွင့်ပွဲအထိမ်းအမှတ် အမှာစကား ပြောကြားရာတွင် လက်ရှိတွင် ဆေးဝါးစက်ရုံ (အင်ရောင်း) မှ သွေးကြောသွင်း ဆေးရည်၊ ထိုးဆေး၊ ဆေးမှုန့်၊ လိမ်းဆေး စသော ဆေးဝါးအမျိုးအစားပေါင်း ၄၄ မျိုးကို ထုတ်လုပ်လျက်ရှိ ကြောင်း၊ ယခုဆိုလျှင် စက်ရုံအနေဖြင့် တစ်ခါသုံးဆေးထိုးအပ် လေးမျိုးဖြစ်သည့် (3 ml/cc, 5 ml/cc, 10 ml/cc, 20 ml/cc) တို့ကို တစ်နှစ်လျှင် ခုရေ သန်း ၁၀၀ ထုတ်လုပ်မည်ဖြစ်သည့် အတွက် နိုင်ငံအတွင်း လိုအပ်လျက်ရှိသော လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်