ရန်ကုန် ဇူလိုင် ၂၉
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရားစေတီပုထိုးများတွင် ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့သည်။
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများအဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲ၊ ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲ၊ သီလခံယူပွဲတို့ကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ယနေ့နံနက် ၅ နာရီမှစတင်ကာ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများတွင် ကျင်းပခဲ့သည်။
အခမ်းအနားများကို ဘုရားဖူးပြည်သူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများလည်း တက်ရောက်ကြည်ညိုပူဇော်ကြပြီး စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများ၊ ဝါဆိုရွှေကြာသင်္ကန်းတော်များ၊ အလှူတော်ငွေများ ကပ်လှူပူဇော်ကြသည်။
အလားတူ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၊ ဆူးလေစေတီတော်၊ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ဆုတောင်းပြည့်မယ်လမုစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရားနှင့် တိလောကဥသျှောင်မုနိရာဇအောင်မြေ သဗ္ဗညုပုထိုးတော်ကြီး (ရန်ကုန်) တို့တွင်လည်း သက်ဆိုင်ရာစေတီတော်ဂေါပကအဖွဲ့ဝင်များက ကြီးမှူး၍ သြဝါဒါစရိယဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝါတွင်းကာလသီလခံယူခြင်း၊ အလှူရှင်များက စတုဒိသာကျွေးမွေးခြင်းတို့ အပါအဝင် ကုသိုလ်ပြုအစီအစဉ်များကို ဆောင်ရွက်ကြပြီး ပြည်သူများက အေးချမ်းစွာကုသိုလ်ပြု ပါဝင်ခဲ့ကြသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ရန်ကုန်မြို့ရှိ ဘုရားစေတီများကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်ကြည်ညိုကြသည့်အတွက် ဘုရားစေတီများတွင် ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားများပြားခဲ့သည်။
သတင်း-ဓာတ်ပုံ ဇော်မင်းလတ်-MNA
