ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၃၁-၇-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားပြီး မီဒီယာများ၏ မေးမြန်းမှုများအပေါ် အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည် -
မေး ။ လူငယ်တွေအတွက် သတင်းစကားပါးပေး စေလိုပါတယ်။
ဖြေ ။ လူငယ်တွေအနေနဲ့ ကိုယ့်ဘဝအတွက် ကြိုးစားကြဖို့လိုပါတယ်။ နောက်တစ်ခုက ပညာရေးအားနည်းချက်ရှိနေတယ်။ လူငယ်တွေအနေနဲ့ ပညာရေးမှာကြိုးစားကြပြီး ပညာတတ်တွေဖြစ်အောင် လုပ်ကြဖို့၊ စည်းကမ်းနဲ့ပတ်သက်ပြီး သိရှိအောင် လုပ်ကြဖို့၊ ကြိုးစားအားထုတ်ကြဖို့လိုပါတယ်။ နောက်ပြီး အပျော်အပါးတွေ လျှော့စေချင်တယ်။ လူငယ်တွေ ကြိုးစားစေချင်တယ်။ တိုင်းပြည်အတွက် အလားအလာတွေ အများကြီး ရှိပါတယ်။
မေး။ ငြိမ်းချမ်းရေးအတွက်လည်း စကားလက်ဆောင် ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ငြိမ်းချမ်းရေးက ကျွန်တော်တို့ အလိုချင်ဆုံးဆန္ဒဖြစ်ပါတယ်။ ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်အောင် လုပ်လို့ရမယ်။ နိုင်ငံတကာနဲ့ ရင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ခေတ်ကာလနဲ့ကိုက်ညီတဲ့ အခြေအနေကို သွားနိုင်ဖို့အတွက် သက်ဆိုင်တဲ့ပုဂ္ဂိုလ်များက ဒါကို မျှော်မှန်းချက်ကြီးကြီးနဲ့ လုပ်ဆောင်သွားဖို့လည်း လိုအပ်ပါတယ်။ ဖြစ်နိုင်တာတွေ လုပ်ကြမယ်ဆိုရင် ဖြစ်ပါတယ်။ မဖြစ်နိုင်တာတွေသွားမယ်ဆိုရင် အခက်အခဲတွေ ရှိနေကြဦးမှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးက ကျွန်တော်တို့နိုင်ငံအတွက် အဓိကဦးစားပေးလိုအပ်ချက်ဖြစ်ပါတယ်။ သက်ဆိုင်သူတွေအားလုံးက အသိတရားရှိရှိနဲ့ ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
သတင်းအဖွဲ့
